ပုဒ်မ ၂၆၄
ပုဒ်မ ၂၆၄
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦး နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာ ဖြည့်စွက်ခန့်ထားခြင်း

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးသည် ရာထူး သက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘော ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လို လျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊

(ခ) နိုင်ငံတော်သမ္မတသည် -

(၁) လုပ်ငန်းတာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည်၊

(၂) ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင် ရွက်ရမည်။

(ဂ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးနေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ လစ်လပ်သည့် ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထား နိုင်သည်။ ထိုသို့ဖြည့်စွက်ခန့်ထားခြင်းခံရသည့် ပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့်ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊

(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ နှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။