(က) အမျိုးသားလွှတ်တော်သည် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ တို့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်၊
(ခ) ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ တပ်မတော်ဆိုင်ရာ ကိစ္စများကို လည်းကောင်းလေ့လာတင်ပြစေရန် အကြောင်းပေါ်ပေါက်ပါက အမျိုးသားလွှတ်တော်သည် ကာကွယ် ရေးနှင့် လုံခြုံရေး ကော်မတီကို တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ကာလ သတ်မှတ်၍ဖွဲ့စည်းရမည်။ ထိုသို့ဖွဲ့စည်းသည့် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီသည် လုပ်ငန်း လိုအပ်ချက်အရ တပ်မတော်သား မဟုတ်သော သင့်လျော်သည့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်များကိုလည်း ထည့်သွင်းဖွဲ့စည်းရန် လိုအပ်ပါက ဖွဲ့စည်းနိုင်သည်၊
(ဂ) အမျိုးသားလွှတ်တော်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသား လူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေးတို့ အပြင်အခြားရေးရာ ကိစ္စများကို လေ့လာတင်ပြ စေရန် လိုအပ်ပါက လွှတ်တော်ကော်မတီများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းနိုင်သည်၊
(ဃ) အမျိုးသားလွှတ်တော်သည် အမျိုးသားလွှတ်တော်ကော်မတီများ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရမည်။