ပုဒ်မ ၂၃၈
ပုဒ်မ ၂၃၈
စွဲချက်တင်ထားသည့် ပြစ်မှုတွင် ထင်ရှားသည့် ပြစ်မှုမှာ မည်သည့်အခါပါရှိခြင်း

(၁) တစ်ဦးတစ်ယောက်အပေါ် ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ထားရာ ၎င်းပြစ်မှုတွင် အကြောင်းအရာများစွာပါရှိ၍ ၎င်းအကြောင်းအရာအချို့ကိုစုပေါင်းလျှင် စွဲချက်တင်ထားသည့် ပြစ်မှုထက်လျော့သည့် ပြစ်မှုငယ်တစ်ရပ်မြောက်သဖြင့် စုပေါင်းပါဝင်သည့် အကြောင်းအရာများသာ ထင်ရှား၍ ကျန်အကြောင်းအရာများ မထင်ရှားသည့်အခါ ထိုသူအပေါ် ပြစ်မှုငယ်ဖြင့် စွဲချက်တင်မထားစေကာမူ ၎င်းပြစ်မှုငယ်ဖြင့်ပင် ပြစ်မှုထင်ရှားစီရင်နိုင်သည်။

(၂) တစ်ဦးတစ်ယောက်အပေါ် စွဲချက်တစ်ရပ်ဖြင့် စွဲချက်တင်ထားရာ ၎င်းပြစ်မှုထက်လျော့သည့် ပြစ်မှုငယ်မြောက်သည့် အကြောင်းခြင်းရာများသာ ထင်ရှားလျှင် ထိုသူကို ၎င်းပြစ်မှုငယ်ဖြင့် စွဲချက်တင်မထားစေကာမူ ၎င်းပြစ်မျှငယ်ဖြင့်ပင် ပြစ်မှုထင်ရှားစီရင်နိုင်သည်။

(၂က) တစ်ဦးတစ်ယောက်အပေါ် ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ထားရာ ၎င်း တရားခံကို ၎င်းပြစ်မှုကျူးလွန်ရန် အားထုတ်မှုဖြင့် သီးခြားစွဲချက်မတင်သော်လည်း ဆိုခဲ့သည့် ပြစ်မှုကျုးလွန်ရန် အားထုတ်မှုဖြင့်ပင် ပြစ်မှုထင်ရှားစီရင်နိုင်သည်။

(၃) ပုဒ်မ ၁၉ဂ၊ သို့မဟုတ် ၁၉၉ တွင် ရည်ညွှန်းထားသော ပြစ်မှု တစ်စုံ တစ်ရာကို ယင်းပုဒ်မအရ လိုအပ်သည့် တိုင်တန်းချက်မပါရှိဘဲ ပြစ်မှုထင်ရှားစီရင်နိုင်ရေးအတွက် ဤပုဒ်မပါ မည်သည့်အချက်ကမျှ ထိုအခွင့်အာဏာကို အပ်နှင်းထားသည်ဟု မမှတ်ယူရ။

ဥပမာများ

(က) A အပေါ်တွင် သယ်ဆောင်သူအဖြစ် ၎င်းထံအပ်နှံထားသည့်ပစ္စည်းနှင့်စပ်လျဉ်း၍ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၇ အရစွဲချက် တင်ရာ A သည် အဆိုပါပစ္စည်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၄၀၆ အရ ပြစ်မှုမကင်းသော ယုံကြည် အပ်နှံရေးဖောက်ဖျက်မှု ကျုးလွန်ခဲ့ကြောင်း ပေါ်ပေါက်သော်လည်း ၎င်းအား သယ်ဆောင်သူ အဖြစ် ၎င်းပစ္စည်းကို မအပ်နှံခဲ့ကြောင်း ထင်ရှားသည်တွင် A ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၆ အရ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုဖြင့် ပြစ်မှုထင်ရှားစီရင်နိုင်သည်။

( ခ ) A အပေါ်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅ အရ အပြင်း အထန် နာကျင်စေမှုဖြင့် စွဲချက်တင်ရာ မိမိသည် ရုတ်တရက် အကြီးအကျယ် ဒေါသထွက်အောင် ရန်စ ခြင်းခံရသောကြောင့် ကျုးလွန်မိကြောင်း A က ထင်ရှားအောင်ပြုလျှင် ၎င်းကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၅ အရ ပြစ်မှုထင်ရှားစီရင်နိုင်သည်။