(၁) ငွေဒဏ်မဆောင်ပျက်ကွက်လျှင် ထိုသို့ပျက်ကွက်သည့်အတွက် တရားဥပဒေက ခွင့်ပြုသည့် ကာလအတိုင်း မည်သည့်တရားသူကြီးကမဆို ထောင်ဒဏ်ချမှတ် နိုင်ခွင့်ရှိသည်။ သို့ရာတွင်-
အချို့အမှုများနှင့် စပ်လျဉ်းသည့်ခြွင်းချက်
(က) စီရင်နိုင်သည့် ထောင်ဒဏ်ကာလ အပိုင်းအခြားမှာ ဥပဒေအရ ယင်းတရားသူကြီး ရရှိသည့် အခွင့်အာဏာများထက် မပိုစေရ၊
(ခ) တရားသူကြီး တစ်ဦးတစ်ယောက်က စီရင်ဆုံးဖြတ်သည့် မည်သည့်အမှုတွင်မဆို ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံးချမှတ်လျှင် ငွေဒဏ်မဆောင် ပျက်ကွက်သည့်အတွက် ချမှတ်သည့် ကာလအပိုင်းမှာ ငွေဒဏ်မဆောင် ပျက်ကွက်သည့်အတွက် မဟုတ်၊ ပြစ်မှုအတွက် ယင်းတရားသူကြီးက အများဆုံးချမှတ်နိုင်သည့် ထောင်ဒဏ်ကာလ အပိုင်းအခြား၏ လေးပုံတစ်ပုံထက် မပိုစေရ။
(၂) ဤပုဒ်မအရ ချမှတ်သော ထောင်ဒဏ်သည် ပုဒ်မ ၃၂ အရ တရားသူကြီးက အများဆုံး ချမှတ် နိုင်သည့် မူလထောင်ဒဏ်အပြင် ထပ်ဆင့်၍ ချမှတ်သည့် ထောင်ဒဏ် ဖြစ်နိုင်သည်။