ပုဒ်မ ၄၀၁
ပုဒ်မ ၄၀၁
ပြစ်ဒဏ်ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြမ်းသက်သာခွင့်ပေးရန် အာဏာ

(၁) ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ် ချမှတ်ပြီး သည့်အခါ နိုင်ငံတော်သမ္မဘသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည် ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် ၎င်းကိုစီရင်သည့် ပြစ်ဒဏ် အားလုံး၊ သို့မဟုတ် အစိတ်အပိုင်း တစ်စုံတစ်ရာကို လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်သည်။

(၂) မည်သည့်အခါမဆို ပြစ်ဒဏ်တစ်ခုကိုဆိုင်းငံ့ထားရန်၊သို့မဟုတ် လွတ်ငြိမ်း သက်သာခွင့် ပေးရန်အတွက် နိုင်ငံတော်သမ္မတထံ လျှောက်ထားသည့်အခါ ယင်းလျှောက်ထား ချက်ကို ခွင့်ပြုသင့်သည်၊ သို့မဟုတ် ငြင်းပယ်သင့်သည်ကို မည်သို့ ထင်မြင်သဘောရကြောင်း၊ မည်သည့်အတွက် ထိုသို့သဘောရကြောင်းကို အကြောင်းပြချက်များ ဖော်ပြရန်အပြင် အဆိုပါ ထင်မြင်ချက်စာတမ်းနှင့်အတူ အမှုတွဲမှတ်တမ်း၏တာဝန်ခံမိတ္တူ။ သို့မဟုတ် အဆိုပါ အမှုတွဲကို ပေးပို့စေရန် ၎င်းပြစ်မှုထင်ရှားစီရင်သည့်၊ သို့မဟုတ် အတည်ပြုသည့်တရားရုံး၏ ရုံးထိုင်တရား သူကြီးအား နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည်။

( ၃) ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးရန် ထားရှိသည့် စည်းကမ်းချက် တစ်စုံတစ်ရာနှင့် ပြည့်စုံခြင်းမရှိဟု နိုင်ငံတော်သမ္မတက သဘောရရှိလျှင် နိုင်ငံတော်သမ္မတသည် ဆိုင်းငံ ့ထားသည့်အမိန့်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာ ခွင့် ပေးသည့် အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်သိမ်းလိုက်သည့်အခါ ပြစ်ဒဏ်ကို ဆိုင်းငံ ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းခံရသူသည် လွတ်နေပါက မည်သည့် ရဲအရာရှိကမဆို ... ဝရမ်းမပါဘဲ ဖမ်းဆီးပြီး၊ ပြစ်ဒဏ်မှမမကုန်သေးသည့် ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့်ရှိသည်။

(၄) ဤပုဒ်မအရ ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်း သက်သာခွင့်ပြုရာတွင် ထားရှိသည့် စည်းကမ်းချက်သည် ထိုသို့ ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းခံရသူက ပြည့်စုံစွာဆောင်ရွက်ရမည့် စည်းကမ်းချက် ဖြစ်နိုင်သည်၊ သို့မဟုတ် ၎င်း၏သဘောဆန္ဒနှင့် လွတ်ကင်းသည့် စည်းကမ်းချက် ဖြစ်နိုင်သည်။

(၄-က) အထက်ပါ ပုဒ်မခွဲများတွင် ပါရှိသော ပြဋ္ဌာန်းချက်များမှာ တစ်ဦး တစ်ယောက်အား လွတ်လပ်မှုကို ကန့်သတ်စေသည့်၊ သို့မဟုတ် ၎င်းအပေါ်၊ သို့မဟုတ် ၎င်း၏ ပစ္စည်းအပေါ် တာဝန်တစ်စုံတစ်ရာ သက်ရောက်စေသည့် ဤကျင့်ထုံးဥပဒေ၊ သို့မဟုတ် အခြားဥပဒေ တစ်ရပ်ရပ်အရ ရာဇဝတ်တရားရုံး တစ်ရုံးရုံးက ချမှတ်သည့် အမိန့်တစ်စုံတစ်ရာနှင့်လည်း သက်ဆိုင်စေရမည်။

(၅) နိုင်ငံတော်သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ် ရွှေ့ဆိုင်းခွင့်၊ ဆိုင်းငံ့ခွင့်၊ လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်သည့်အခွင့်ကို ဤပုဒ်မပါ မည်သည့်အချက်အရမျှ စွက်ဖက်သည်ဟု မမှတ်ယူရ၊

(၅-က) နိုင်ငံတော်သမ္မတက စည်းကမ်းချက်တစ်ရပ်ထား၍ ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့် ပြုရာတွင် သတ်မှတ်ထားသည့် မည်သည့် စည်းကမ်းချက်မျိုးမဆို ဤကျင့်ထုံးဥပဒေအရ အခွင့်အာဏာရ တရားရုံးတစ်ရုံး၏ ပြစ်ဒဏ်တစ်ရပ်အရ သတ်မှတ်ကြောင်း မှတ်ယူရမည့်အပြင် ယင်းသို့မှတ်ယူသည့်အတိုင်းလည်း အတည်ပြုလုပ်စေရမည်။

(၆) နိုင်ငံတော်သမ္မတသည် ယေဘုယျ နည်းဥပဒေများ၊ သို့မဟုတ် အထူးအမိန့် များအရ ပြစ်ဒဏ်ဆိုင်းငံ့ထားရန်နှင့် လျှောက်လွှာများ တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်များ ပေးနိုင်သည်။