ထိုသူသည် တရားရုံးရှေ့တွင် မရှိလျှင် တရားသူကြီးသည် ထိုသူရောက်ရှိစေရန် သမ္မန်စာ ထုတ်ဆင့်ရမည်၊ သို့မဟုတ် ထိုသူအချုပ်နှင့်ရှိနေလျှင် ၎င်းအား တရားရုံးသို့ ခေါ််ဆောင်လာရန် ချုပ်ထားသူ အရာရှိထံသို့ ဝရမ်းထုတ်ဆင့်ရမည်။
သို့ရာတွင် ငြိမ်ဝပ်ရေးပျက်ပြားစေလိမ့်မည်ဟု စိုးရိမ်ရန်အကြောင်းရှိကြောင်းနှင့်ထိုသူကို ချက်ချင်းဖမ်းဆီးခြင်းမှတစ်ပါး အခြားနည်းဖြင့် ငြိမ်းဝပ်ရေးပျက်ပြားစေမည့် အန္တရာယ်ကို မတားဆီးနိုင်ကြောင်း ရဲအရာရှိတစ်ဦး၏ အစီရင်ခံစာအရ ဖြစ်စေ၊ အခြားသတင်းအရဖြစ်စေ၊ (အစီရင်ခံစာ သို့မဟုတ် သတင်း၏ အကျဉ်းချုပ်ကို တရားသူကြီးက ရေးမှတ်ရမည်) အဆိုပါ တရားသူကြီးက ထင်မြင်ယူဆသည့်အခါ ထိုသူကို ဖမ်းဆီးရန်အတွက် ဝရမ်းတစ်စောင်ကို အချိန်မရွေး ထုတ်ဆင့်နိုင်သည်။