မည်သည့် တရားမမှု၊ သို့မဟုတ် မှုခင်းတွင်မဆို အငြင်းဖြစ်သည့် အကြောင်းခြင်း ရာများနှင့် ဤ ဥပဒေတွင် နောက်လာမည့် ပြဋ္ဌာန်းချက်များ၌ စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်ဟု ဖော်ပြထား သော အကြောင်းခြင်းရာများအမှန်ဟုတ် မဟုတ် ဆိုသည်ကိုသက်သေခံတင်ပြနိုင်သည်။ အဆိုပါအငြင်း ဖြစ်သည့် အကြောင်းခြင်းရာများ သို့မဟုတ် စပ်ဆိုင်သော အကြောင်းခြင်းရာများမှ အပအခြား အကြောင်းခြင်းရာများ အမှန်ဟုတ် မဟုတ်ဆိုသည်ကို သက်သေခံတင်ပြခြင်းမပြုနိုင်။
ရှင်းလင်းချက်။ တရားမကျင့်ထုံး တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ၊ တစ်ဦးတစ်ယောက် သောသူမှာ အကြောင်းခြင်းရာ တစ်ခုကို သက်သေထင်ရှား တင်ပြခွင့်မရှိလျှင် ထိုသူသည် ဤပုဒ်မအရ ထိုအကြောင်းခြင်းရာကို သက်သေခံတင်ပြနိုင်ခွင့် ရှိမည်မဟုတ်ချေ။
ဥပမာများ
(က) A သည် B ကို သေစေလိုသော ကြံရွယ်ချက်ဖြင့် တုတ်နှင့်ရိုက်၍ လူသတ်မှုကို ကျူးလွန်သည်ဟု အမှုစစ်ဆေးစီရင်ရာတွင် အောက်ပါတို့သည် အငြင်းဖြစ်သော အကြောင်းခြင်းရာဖြစ်သည်-
A က B ကိုတုတ်နှင့်ရိုက်ကြောင်း၊
A ကထိုသို့ရိုက်သဖြင့် B ကိုသေဆုံးစေကြောင်း၊
A က B ကိုသေလိုသောကြံရွယ်ချက်ရှိကြောင်း။
(ခ) တရားမမှုမှ အမှုသည်တစ်ဦးသည် ပထမအကြိမ် အမှုကြားနာစစ်ဆေးရန်ချိန်းဆိုထားသော အချိန် တွင် မိမိအား ကိုးအားထားပြုသည့်စာချုပ်ကို ယူ ဆောင်မလာသဖြင့် တင်ပြရန်အသင့်မရှိချေ။ နောက် တစ်ကြိမ်အမှု ကြားနာစစ်ဆေးသည့် အဆင့်တွင် ထိုသူသည် တရားမ ကျင့်ထုံးဥပဒေပါ စည်းကမ်းချက် များနှင့်အညီမှတစ်ပါး၊ အဆိုပါစာချုပ်ကိုတင်ပြရန်ဖြစ်စေ၊ ထိုစာချုပ်ပါ အချက်အလက်များကို သက်သေထင်ရှားတင်ပြရန် ဖြစ်စေ ဤပုဒ်မက ခွင့်ပြုသည်မဟုတ်။