တရားရုံးသည် တစ်စုံတစ်ခုသော အမှုကိစ္စ၏အကြောင်းခြင်းရာနှင့်ဆက်စပ်လျက်ရှိသော သဘာဝ အဖြစ်အပျက်များ၊ လူတို့၏အမူအကျင့်နှင့် အများပြည်သူဆိုင်ရာလုပ်ငန်းနှင့် ပုဂ္ဂလိကဆိုင်ရာလုပ်ငန်း တို့၏ အများအားဖြင့် ဖြစ်တတ်သည့် ဖြစ်ရိုးဖြစ်စဉ်သဘောကို ထောက်ရှုဆင်ခြင်လျက် အကြောင်း ခြင်းရာတစ်ခုခုဖြစ်တန်ရာသည်ဟုထင်မြင်လျှင် ထိုအကြောင်းခြင်းရာများကို အမှန်ကဲ့သို့တရားရုံးက မှတ်ယူနိုင်သည်။
ဥပမာများ
တရားရုံးသည် အောက်ပါအတိုင်းအမှန်ကဲ့သို့ မှတ်ယူနိုင်သည်-
(က) ခိုးမှုဖြစ်ပွားပြီးနောက် မကြာမီအတွင်းခိုးရာပါပစ္စည်းကို လက်ဝယ်ရှိသူတစ်ယောက်က မည်သည့် နည်းလမ်းဖြင့် ထိုပစ္စည်းမိမိလက်ဝယ်သို့ ရောက်ရှိသည်ကို အကြောင်းမပြနိုင်လျှင် ထိုသူသည် သူခိုး သော်လည်းကောင်း၊ခိုးရာပါ ပစ္စည်းဖြစ်ကြောင်းသိလျက်နှင့် လက်ခံထားသူသော်လည်းကောင်းဖြစ် ကြောင်း၊
(ခ) ပြစ်မှုကျူးလွန်ရာတွင် ကြံရာပါတစ်ဦး၏ထွက်ဆိုချက်ကို အရေးကြီးသောအကြောင်းအရာများ၌ အထောက်အကူပြုသည့် သက်သေခံချက်မရှိလျှင် ထိုသူမှာယုံကြည်ထိုက်သောသက်သေမဟုတ်ကြောင်း၊
(ဂ) လက်ခံပြီးသော သို့မဟုတ် အတည်ပြုပြီးသော ငွေလွှဲစာချုပ်တွင်ပါရှိသည့် အဖိုးစားနား အပြည့်အစုံ ရရှိသဖြင့် ထိုငွေလွှဲစာချုပ်ကိုလက်ခံခဲ့ကြောင်း သို့မဟုတ်အတည်ပြုခဲ့ကြောင်း၊
(ဃ) တစ်စုံတစ်ခုသော အရာဝတ္ထု သို့မဟုတ်အရာဝတ္ထုများ၏အခြေအနေတည်ရှိခြင်းမှာ ထိုသို့သော အရာဝတ္ထုများ သို့မဟုတ် အရာဝတ္ထုတို့၏အခြေအနေများရပ်စဲမြဲဖြစ်သော အချိန်ကာလမတိုင်မီယင်းသို့တည်ရှိနေသည်ဟု တင်ပြထားလျှင် ထိုအရာဝတ္ထုသည် သို့မဟုတ် ထိုအရာဝတ္ထုများ၏အခြေ အနေသည် ဆက်လက်တည်ရှိနေကြောင်း၊
(င) တရားစီရင်ရေးလုပ်ငန်းများနှင့် အခြားရုံးလုပ်ငန်းများကို ဆောင်ရွက်သင့်သလိုပုံမှန်ဆောင် ရွက်ထားကြောင်း၊
(စ) အလုပ်ကိစ္စများတွင်တစ်ခုစီကိုဆောင်ရွက်ရာ၌ အများအားဖြင့် ဆောင်ရွက်မြဲအတိုင်းပြုလုပ် ဆောင်ရွက်ထားကြောင်း၊
(ဆ) သက်သေခံတစ်ခုကိုတင်ပြနိုင်ပါလျက် တင်ပြခြင်း မပြုလျှင် ထိုသို့မတင်ပြဘဲနေသူ၏အကျိုးနှင့် ဆန့်ကျင်လိမ့်မည်ဖြစ်ကြောင်း၊
(ဇ) မဖြေဆိုဘဲမနေရဟုဥပဒေကပြဋ္ဌာန်းထားခြင်းမရှိသော မေးခွန်းကိုလူတစ်ယောက်ကဖြေဆိုရန် ငြင်း ဆိုလျှင်ထိုသူ၏ အကျိုးနှင့် ဆန့်ကျင်လိမ့်မည်ဖြစ်ကြောင်း၊
(ဈ) တစ်စုံတစ်ခုသောတာဝန်ကိုထမ်းဆောင်ရန်ပြုလုပ်ထားသည့်စာချုပ်စာတမ်းသည် ထိုတာဝန်ကို ထမ်းဆောင်ရမည့်သူ၏လက်ထဲတွင် ရောက်ရှိနေလျှင်ထိုတာဝန်ကို ထမ်းဆောင်ပြီးဖြစ်ကြောင်း၊
သို့ရာတွင် တရားရုံးကဆိုခဲ့သည့်ဆောင်ပုဒ်များသည် တရားရုံးတွင်ရောက်ရှိလာသည့်အမှုတစ်မှုစီနှင့် သက်ဆိုင်ခြင်းရှိမရှိစဉ်းစားဆင်ခြင်ရာ၌ အောက်ပါအကြောင်းခြင်းရာများကိုလည်းထောက်ရှုဆင်ခြင် ရမည်-
ဥပမာ။ ။ (က) တွင် အမှတ်အသားပြုလုပ်ထားသော ငွေတစ်ကျပ်ကို ခိုးယူပျောက်ဆုံးပြီးနောက် မကြာမီ ဆိုင်ရှင်တစ်ဦး၏ဆိုင်ရှိငွေထည့်သေတ္တာငယ်တွင် တွေ့ရှိသည်။ ထိုငွေကို မည်သည့်နည်းဖြင့်မိမိ၏ လက်သို့ရောက်ရှိကြောင်းအတိအကျမဖော်ပြနိုင်သော်လည်း ထိုဆိုင်ရှင်၏လုပ်ငန်းစဉ်တွင် ကျပ် ငွေများ ကိုအဆက်မပြတ် လက်ခံရရှိနေခြင်း။
ဥပမာ။ ။ (ခ) တွင် အကျင့်စာရိတ္တအလွန်ကောင်းမွန်သူ A အပေါ်စက်ကိရိယာဆင်ရာ၌ ပေါ့လျော့မှု ကြောင့် လူတစ်ယောက်အား သေစေမှုဖြင့် တရားစွဲဆိုသည်။ ဤကဲ့သို့ပင် အကျင့်စာရိတ္တ ကောင်းမွန် ၍ထိုစက်ကိရိယာ ဆင်ရာ၌ပါဝင်သော B သည် ပြုလုပ်ခဲ့သမျှကိုတိကျစွာ ဖော်ပြပြီးနောက် A နှင့်တကွ မိမိပါ သတိလစ်ဟင်းခဲ့ကြောင်းကိုဝန်ခံ၍ရှင်းလင်းဖော်ပြခြင်း။
ဥပမာ။ ။ (ခ) တွင် ပြစ်မှုတစ်ခုကိုလူအများပူးပေါင်း၍ကျူးလွန်ကြသည်။ ပြစ်မှုကျူးလွန်သူများအနက် မှ A၊ B နှင့် C တို့ သုံးဦးကိုပြစ်မှုဖြစ်ပွားရာ နေရာတွင်ဖမ်းမိ၍ ယင်းတို့အား တစ်ယောက်တစ်နေရာစီ ထားသည်။ ယင်းတို့က အမှုအကြောင်းကိုပြောပြကြရာတွင် D ပါဝင်ကြောင်း အသီးသီးထွက်ဆို အစစ်ဆေးခံကြသည်။ ထိုသို့ထွက်ဆိုကြရာ၌ယခင်ကကြိုတင်ပေါင်းဖက် ကြံစည် ထားသည့် လက္ခဏာမရှိ လောက်အောင် ယင်းတို့၏ထွက်ဆိုချက်များသည် တစ်ခုနှင့်တစ်ခု အထောက် အခံပြုလျက်ရှိခြင်း။
ဥပမာ။ ။ (ဂ) တွင်ငွေလွှဲစာချုပ်ဖြင့်ငွေထုတ်ယူသူ A သည်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ ထို စာချုပ်ကိုလက်ခံသူ B သည် ငယ်ရွယ်၍ အသိပညာကင်းမဲ့သူဖြစ်သည့်ပြင် A ဩဇာခံလုံးလုံးလျားလျား ဖြစ်ခြင်း။
ဥပမာ။ ။ (ဃ) တွင်မြစ်တစ်ခုသည် လွန်ခဲ့သည့်ငါးနှစ်ကရေကြောင်းမပြောင်းလဲဘဲစီးဆင်းခဲ့သည်မှာ သက်သေထင်ရှားသော်လည်း ထိုနောက်တွင် ရေကြီးရေလျှံကြောင်းသိရှိရသည်ဖြစ်ရာ ထိုသို့ရေကြီးရေ လျှံခြင်းကြောင့်ထိုရေစီးကြောင်းပြောင်းလဲသွားနိုင်ခြင်း။
ဥပမာ။ ။ (င) တွင်တရားစီရင်ရေးလုပ်ငန်းတစ်ရပ်ကို နည်းလမ်းတစ်ကျ ဆောင်ရွက်ခြင်းရှိမရှိ ဟူသော ပြဿနာတွင်ထိုဆောင်ရွက်ချက်ကို ထူးခြားသော အခြေအနေရဆောင်ရွက်ရခြင်း။
ဥပမာ။ ။ (စ) တွင်ပြဿနာမှာ စာတစ်စောင်ကို ရမရဖြစ်သည်၊ ထိုစာကိုစာတိုက်တွင်ထည့်ပြီးဖြစ် ကြောင်းတင်ပြထားသည်။သို့ရာတွင် စာပို့ရိုးပို့စဉ်လုပ်ငန်းတွင် အဆီးအတားအနှောင့်အယှက်များရှိ ခြင်းကြောင့် စာမရောက်နိုင်ခြင်း။
ဥပမာ။ ။ (ဆ) တွင် လူတစ်ယောက်သည် သိပ်အရေးမကြီးသော ပဋိညာဉ်တစ်ခုနှင့်ပတ်သက်၍ တရား စွဲဆိုခြင်းခံရရာတွင် ထိုပဋိညာဉ်နှင့်သက်ဆိုင်မည်ဖြစ်သော စာချုပ်စာတမ်းတစ်ခုကို တင်ပြခြင်းမပြုခဲ့ ချေ။ ထိုစာချုပ်စာတမ်းသည် ထိုသူ၏မိသားစု၏စိတ်နှင့်ဂုဏ်သရေကိုထိခိုက်စေနိုင်ခြင်း။
ဥပမာ။ ။ (ဇ) တွင် လူတစ်ယောက်သည် ဥပဒေအရမဖြေမဆိုဘဲနေ၍ ရနိုင်သည့် မေးခွန်းကိုဖြေဆိုရန် ငြင်းဆိုသည်။ သို့ရာတွင် ဖြေဆိုလျှင် မေးသည့်ကိစ္စနှင့်မစပ်ဆိုင်သောကိစ္စတွင် ထိုသူ၏အကျိုးစီးပွားကို ဆုတ်ယုတ်စေနိုင်သည်။
ဥပမာ။ ။ (ဈ) တွင် ခံဝန်ချုပ်တစ်ခုသည်တာဝန်ကိုထမ်းဆောင်ရမည့်သူ၏ လက်ဝယ်ရှိသည်။ သို့ရာ တွင်အမှုကိစ္စ၏ အခြေအနေအရ ထိုခံဝန်ချုပ်ကိုထိုသူ ခိုးယူရရှိထားနိုင်မည်ဖြစ်ခြင်း။