(၁) ကျင့်ထုံးဥပဒေပါ အခြားနည်းအတိအလင်း ပြဋ္ဌာန်းထားသည်မှတစ်ပါး အဆိုပါ စီရင်ချက်တိုင်းကို ရုံးထိုင်တရားသူကြီးကိုယ်တိုင်၊ သို့မဟုတ် အဆိုပါရုံးထိုင်တရားသူကြီး၏ နှုတ်တိုက်ချပေးချက်အရ တရားရုံး၏ ဘာသာစကားဖြင့် ရေးသားရမည်။ ထို့ပြင် ယင်းစီရင် ချက်တိုင်းတွင် ဆုံးဖြတ်ရမည့်အချက်၊ သို့မဟုတ် အချက်များ၊ ၎င်းတို့အပေါ်တွင် ဆုံးဖြတ်ချက်နှင့် ယင်းဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်များ ပါရှိရမည်။ ထို့ပြင် ယင်းစီရင်ချက်ကို ချမှတ်သည့် အချိန်တွင် လူသိရှင်ကြား တရားခွင်၌ ရုံးထိုင်တရားသူကြီးက ရက်စွဲတပ်၍ လက်မှတ်ရေးထိုးရမည်။ ထို့ပြင် ရုံးထိုင်တရားသူကြီးကိုယ်တိုင် မရေးလျှင် အဆိုပါ စီရင်ချက်၏စာမျက် နှာတိုင်းတွင် ရုံးထိုင်တရားသူကြီးက လက်မှတ်ရေးထိုးရမည်။
(၂) ပြစ်မှုတစ်စုံတစ်ရာရှိလျှင် မည်သည့် ပြစ်မှုအတွက်၊ ထို့ပြင် ပြစ်မှုဆိုင်ရာ ဥပဒေ၊ သို့မဟုတ် အခြားဥပဒေ၏ မည်သည့် ပုဒ်မအရ တရားခံအား ပြစ်မှု ထင်ရှားစီရင်ကြောင်းနှင့် ချမှတ်သည့် ပြစ်ဒဏ်တို့ကို စီရင်ချက်၌ တိတိကျကျဖော်ပြရမည်။
ပုဒ်မတစ်ရပ်၊ သို့မဟုတ် အခြားပုဒ်မ တစ်ရပ်အရ စီရင်ချက် ချမှတ်ခြင်း။
(၃) ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်မှုထင်ရှားစီရင်သည့်အခါ၊ ထို ့ပြင် ပြစ်မှုသည် ပြစ်မှုဆိုင်ရာဥပဒေ၏ ပုဒ်မနှစ်ရပ်အနက် မည်သည့်ပုဒ်မနှင့်သက်ဆိုင်ကြောင်း၊ သို့မဟုတ် ပုဒ်မတစ်ခုတည်း၏ အစိတ်အပိုင်း နှစ်ရပ်အနက် မည်သည့် အစိတ်အပိုင်းနှင့် သက်ဆိုင်ကြောင်း သံသယရှိသည့်အခါ တရားရုံးသည် ထိုအချက်ကို အတိအလင်းဖော်ပြလျက် ပုဒ်မတစ်ရပ်အရ မဟုတ်လျှင် အခြားတစ်ရပ်အရ၊ သို့မဟုတ် ပုဒ်မတစ်ခုတည်း၏ အစိတ်အပိုင်းတစ်ရပ်အရ မဟုတ်လျှင် အခြားအစိတ်အပိုင်းတစ်ရပ်အရ စီရင်ချက်ချမှတ်နိုင်သည်။
(၄) အမှုမှ အပြီးအပြတ်လွှတ်သည့် စီရင်ချက်ဖြစ်လျှင် မည်သည့် ပြစ်မှုအတွက် တရားခံကို အမှုမှ အပြီးအပြတ်လွှတ်ကြောင်း ဖော်ပြရမည်။ ထို ့ပြင် ၎င်းတရားခံကို အချုပ်မှ လွှတ်ရန် ညွှန်ကြားရမည်။
(၅) ဂျူရီလူကြီးများနှင့် စစ်ဆေးစီရင်မှုများတွင် တရားရုံးသည် စီရင်ချက် ရေးရန်မလို။ သို့သော်လည်း စက်ရှင်တရားရုံးသည် ဂျူရီလူကြီးများအား တင်ပြသည့် စွဲချက် ခေါင်းစဉ်များကို ရေးမှတ်ထားရမည်။
(၆) ဤပုဒ်မ၏ ကိစ္စများအလို့ငှာ ပုဒ်မ ၁၁၈၊ သို့မဟုတ် ပုဒ်မ ၁၂ ၃ ပုဒ်မခွဲ(၃)အရ ချမှတ်သော အမိန့်တစ်ရပ်ကို စီရင်ချက်တစ်ရပ်အဖြစ် မှတ်ယူရမည်။