ပုဒ်မ ၁၀၉
ပုဒ်မ ၁၀၉
မည်သူမဆို အားပေးကူညီခြင်းကြောင့် အားပေးကူညီခြင်းခံရသည့် ပြုလုပ်မှုတစ်ရပ် ဖြစ်မြောက်ခဲ့ရာတွင် အားပေးကူညီသူအား ချမှတ်ရန် ပြစ်ဒဏ်ကို ဤရာဇသတ်ကြီးက အတိအလင်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ကျူးလွန်ခဲ့သော ပြစ်မှုရင်းအတွက် ပြဋ္ဌာန်းသည့် ပြစ်ဒဏ်ကိုချမှတ်ရမည်။

ရှင်းလင်းချက်။ လှုံ့ဆော်ခြင်းကြောင့်ဖြစ်စေ၊ ပူးပေါင်းကြံစည်ခြင်းကြောင့်ဖြစ်စေ အားပေး ကူညီမှု ဖြစ်မြောက်အောင် ကူပံ့ခြင်းကြောင့်ဖြစ်စေ ပြုလုပ်မှုသော်လည်းကောင်း၊ ပြစ်မှုသော်လည်းကောင်း ဖြစ်မြောက်ခဲ့လျှင် ထိုပြုလုပ်မှုသည် သို့မဟုတ် ထိုပြစ်မှုသည် အားပေးကူညီခြင်းကြောင့် ဖြစ်မြောက်သည် မည်၏။

ဥပမာများ

(က) ပြည်သူ့ဝန်ထမ်း B သည် ရာထူးအလျောက် အလုပ်ဝတ္တရားများကို ဆောင်ရွက်ရာတွင် B က မိမိအား အခွင့်အရေးပေးရန် A က B သို့ လာဘ်ပေးသည်ကို B လက်ခံ၏။ B မှာ ပုဒ်မ ၁၆၁ တွင် အဓိပ္ပာယ် ဖော်ပြထားသည့်ပြစ်မှုကို အားပေးကူညီရာရောက်သည်။

(ခ) မမှန်သက်သေခံရန် A က B ကို လှုံ့ဆော်၏။ ထိုသို့လှုံ့ဆော်သည့်အတိုင်း B က မမှန်သက်သေခံမှုကို ကျူးလွန်၏။ မမှန်သက်သေခံရန် အားပေးကူညီမှုကို A ကျူးလွန်သည်ဖြစ်၍ B နှင့်ထပ်တူ ပြစ်ဒဏ် ချမှတ်ခြင်းခံထိုက်သည်။

(ဂ) A နှင့် B တို့သည် Z ကိုအဆိပ်ဖြင့်သတ်ရန် ပူးပေါင်းကြံစည်ကြ၏။ ထိုသို့ ပူးပေါင်းကြံစည်သည့် အတိုင်း A က အဆိပ်ကိုရရှိ၍ Z ကို အဆိပ်ခတ်ရန် B အား ပေးသဖြင့် B က ပူးပေါင်းကြံစည်ခဲ့သည့်အတိုင်း A ၏ မျက်ကွယ်တွင် Z ကို အဆိပ်ခတ်သောကြောင့် Z သေဆုံး၏။ B မှာ လူသတ်မှုအတွက် ပြစ်ဒဏ် ထိုက်သင့်သည်။ A မှာ B နှင့် ပူးပေါင်းကြံစည်သောကြောင့် ထိုပြစ်မှုကို အားပေးကူညီသည့် ပြစ်ဒဏ် ထိုက်သင့်၍ လူသတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သည်။



ကျင့်ထုံး