မည်သူမဆို ပြုလုပ်မှုတစ်ခုခုကို ပြုခြင်းမှရှောင်ကြဉ်ရမည်ဟုသော်လည်းကောင်း၊ မိမိလက်ရှိ ပစ္စည်းနှင့် သို့မဟုတ် မိမိစီမံခန့်ခွဲခွင့်ရှိသော ပစ္စည်းနှင့်စပ်လျဉ်း၍ အမိန့်အတိုင်းတစ်ခုခု ပြုလုပ်ထားရမည် ဟုသော်လည်းကောင်း ဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာရန် အာဏာရှိသော ပြည်သူ့ဝန်ထမ်းက ထုတ်ပြန်ကြေညာသော အမိန့်ကိုသိလျက်နှင့် ထိုအမိန့်ကိုမလိုက်နာလျှင်၊ အကယ်၍ ထိုသို့မလိုက်နာခြင်း သည် ဥပဒေနှင့်အညီ စေခိုင်းခြင်းခံရသောသူကို ဟန့်တားခြင်းသော်လည်းကောင်း၊ စိတ်ငြိုငြင်စေခြင်း သော်လည်းကောင်း၊ နစ်နာစေခြင်းသော်လည်းကောင်းဖြစ်စေသော် သို့မဟုတ် ဖြစ်စေနိုင်သော် သို့မဟုတ် ဟန့်တားခြင်းသော်လည်းကောင်း၊ စိတ်ငြိုငြင်ခြင်းသော်လည်းကောင်း၊ နစ်နာစေခြင်းသော် လည်းကောင်းဖြစ်မည့် အန္တရာယ်ကိုဖြစ်စေသော် သို့မဟုတ် ဖြစ်စေနိုင်သော် ထိုသူကိုတစ်လထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ထို့ပြင် အကယ်၍ ထိုသို့မလိုက်နာခြင်းသည် လူ့အသက်၊ ကျန်းမာရေး သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေလျှင်သော်လည်းကောင်း၊ ဘေးဖြစ်စေနိုင်လျှင်သော်လည်းကောင်း ရုန်းရင်းဆန်ခတ်မှု သို့မဟုတ် သတ်ပုတ်နှောင့်ယှက်မှုကို ဖြစ်စေလျှင်သော်လည်းကောင်း ဖြစ်စေနိုင်လျှင်သော်လည်းကောင်း ထိုသူကို ခြောက်လထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
ရှင်းလင်းချက်။ ပြစ်မှုကျူးလွန်သူက ဘေးအန္တရာယ်ပြုရန် ကြံရွယ်ခြင်းသည် သို့မဟုတ် ဘေးအန္တရာယ် ဖြစ်စေတန်ရာသည့် မလိုက်နာခြင်းကို ကြံဆခြင်းသည် လိုရင်းမဟုတ်။ ပြစ်မှုကျူးလွန်သူက မိမိ မလိုက်နာသော အမိန့်ကိုသိရှိပြီး ထိုသို့မလိုက်နာခြင်းသည် ဘေးအန္တရာယ်ဖြစ်စေသည်ကိုသော် လည်းကောင်း၊ ဖြစ်စေတန်ရာသည်ကိုသော်လည်းကောင်း သိလျှင် လုံလောက်သည်။
ဥပမာ
ကိုးကွယ်သည့်ဘာသာရေးဆိုင်ရာ စီတန်းလှည့်လည်ခြင်းကို လမ်းတစ်လမ်းတွင် မပြုရဟု အမိန့် ထုတ်ပြန်ကြေညာရန် ဥပဒေနှင့်အညီအာဏာရှိသော ပြည်သူ့ဝန်ထမ်းက အမိန့်တစ်ရပ်ကို ထုတ်ပြန် ကြေညာ၏။ A သည် သိလျက်နှင့် ထိုအမိန့်ကို လိုက်နာခြင်းမရှိ။ ထိုသို့ မလိုက်နာသဖြင့် ရုန်းရင်း ဆန်ခတ်မှု အန္တရာယ်ဖြစ်ပေါ်စေ၏။ A သည် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သည်။