ပုဒ်မ ၂၃၆
ပုဒ်မ ၂၃၆
မည်သည့်ပြစ်မှုကို ကျူးလွန်ကြောင်း မဝေခွဲနိုင်သည့် အမှု

ပြုလုပ်မှုတစ်ခု၊ သို့မဟုတ် ဆက်လက်၍ တစ်ဆက်တည်းပြုလုပ်မှုသည် ထင်ရှားအောင်ပြုလုပ်နိုင်သည့် အကြောင်းအရာများကို ထောက်ရှု၍ ပြစ်မှု အမြောက်အများအနက် မည်သည့်ပြစ်မှုမြောက်မည်ကိုမဝေခွဲနိုင်သည့်အခါမျိုးတွင် ၎င်းပြစ်မှုအရပ်ရပ်ကိုဖြစ်စေ၊ ၎င်းပြစ်မှုများအနက် ပြစ်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ကျူးလွန်ကြောင်းဖြင့် တရားခံကို စွဲချက်တင်နိုင်သည်။ ထို့ပြင် စွဲချက်များအနက် စွဲချက်အရေအတွက် မည်မျှကိုမဆို တစ်ပြိုင်နက်တည်း စစ်ဆေးစီရင်နိုင်သည်၊ သို့မဟုတ် ဆိုခဲ့သည့် ပြစ်မှုများအနက် တစ်ခုခုကို ကျူးလွန်ကြောင်း ၎င်းတရားခံကို စွဲချက်တင်နိုင်သည်။

ဥပမာများ

(က) A သည် ခိုးမှု၊ သို့မဟုတ် ခိုးရာပါပစ္စည်းလက်ခံမှု၊ သို့မဟုတ် ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ သို့မဟုတ် လိမ်လည်မှုဖြစ်မြောက်နိုင်သည့် ပြုလုပ်မှ တစ်ရပ် ကျုးလွန်ခဲ့ကြောင်း စွပ်စွဲခြင်းခံရသည်။ ၎င်းအပေါ် ခိုးမှု၊ ခိုးရာပါပစ္စည်းလက်ခံမှု၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ လိမ်လည်မှုဖြင့် စွဲချက်တင်နိုင်သည်၊ သို့မဟုတ် ၎င်းအပေါ်ခိုးမှု၊ သို့မဟုတ်ခိုးရာပါပစ္စည်းလက်ခံမှု၊ သို့မဟုတ် ပြစ်မှုမကင်းသော ယုံကြည် အပ်နှံရေးဖောက်ဖျက်မှု၊ သို့မဟုတ် လိမ်လည်မှုတို့ဖြင့် စွဲချက်တင်နိုင်သည်။

(ခ) A သည် ရာဇဝတ်တရားသူကြီးရှေ့တွင် C အား B က တုတ်နှင့်ရိုက်သည်ကို မိမိမြင်ပါသည်ဟု ကျမ်းသစ္စာဖြင့် ထွက်ဆိုပြီးနောက် C ကို B က မည်သည့်အခါကမျှ တုတ် နှင့် မရိုက်ပါဟု စက်ရှင်တရားရုံးတွင် ကျမ်းသစ္စာဖြင့် ထွက်ဆိုပြန်သည်။ ဆန့်ကျင်သော ထိုထွက် ဆိုချက် ၂ ရပ်အနက် မည်သည့်ထွက်ဆိုချက်သည် မမှန်ကြောင်း ထင်ရှားအောင် သက်သေ မတင်ပြနိုင်သော်လည်း ၎င်းထွက်ဆိုချက် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တမင်ကြံရွယ်လျက် မမှန် သက်သေခံမှုဖြင့် A အပေါ်တွင် စွဲချက်တင်နိုင်သည်။