(၁) စွပ်စွဲခံရသူတစ်ဦးသည် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းနှင့် ၎င်းကို လတ်တလောဖမ်းဆီးရမိရန် အလားအလာမရှိကြောင်း ထင်ရှားအောင်ပြုလုပ်ပြီးဖြစ်လျှင်တိုင် တန်းထားသည့် ပြစ်မှုအတွက် ထိုသူကို စစ်ဆေးစီရင်ရန်၊ သို့မဟုတ် စစ်ဆေးစီရင်မှု အတွက် လွှဲအပ်တင်ပို့ရန် စီရင်ခွင့်အာဏာရှိသော တရားရုံးသည် တရားလိုဘက်မှတင်ပြသော သက်သေများရှိလျှင် ထိုသက်သေများကို တရားခံ၏မျက်ကွယ်၌ စစ်မေး၍ ၎င်းတို့၏ အစစ်ခံချက်များကို ရေးမှတ်ယူနိုင်သည်။ အဆိုပါစွပ်စွဲခံရသူကို ဖမ်းဆီးရမိသောအခါ အစစ်ခံခဲ့သည့်သက်သေ ကွယ်လွန်ခဲ့ပြီးဖြစ်လျှင်၊ သို့မဟုတ် သက်သေခံနိုင်စွမ်းမရှိလျှင်၊ သို့မဟုတ် ၎င်းသက်သေလာရောက် ရန်အတွက် အမှုအခြေအနေအရ မလျော်ကန်သောကြန့်ကြာမှု၊ စရိတ်ကုန်ကျမှု၊ သို့မဟုတ် အဆင်မပြေမှုဖြစ်ပေါ်မည်ဆိုလျှင် အဆိုပါအစစ်ခံချက်တစ်စုံတစ်ရာကို စွပ်စွဲခံရသည့်ပြစ်မှုအတွက် စွပ်စွဲခံရသူအပေါ် စွဲဆိုသည့်စုံစမ်းစစ်ဆေးမှု့၊ သို့မဟုတ် စစ်ဆေးစီရင်မှုတွင် သက်သေခံချက် အဖြစ်တင်ပြနိုင်သည်။
ပြစ်မှုကျူးလွန်သူကို မသိရသောအခါ သက်သေခံချက် ရေးမှတ်ယူခြင်း။
(၂) မည်သူမည်ဝါဟု မသိရသူတစ်ဦးတစ်ယောက်ကဖြစ်စေ၊ အများကဖြစ်စေ သေဒဏ်၊ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ် စီရင်ထိုက်သော ပြစ်မှုတစ်ရပ်ကို ကျုးလွန်ခဲ့သည်ဟုပေါ် ပေါက်လျှင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်စေရန်နှင့် ယင်းပြစ်မှုနှင့်စပ်လျဉ်း၍ သက်သေခံချက်ပေးနိုင်သော မည်သည့်သက်သေကိုမဆို စစ်မေးစေရန် ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးတစ်ဦးဦးကို ညွှန်ကြားနိုင်သည်။ ထိုကဲ့သို့ရယူထားသော သက်သေ အစစ် ခံချက် တစ်စုံတစ်ရာကို အကယ်၍ အစစ်ခံခဲ့သူမှာ သေဆုံးခဲ့လျှင်၊ သို့မဟုတ် သက်သေခံနိုင်စွမ်း မရှိလျှင်၊ သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပတွင် ရောက်ရှိနေလျှင် နောက်နောင်တွင် ယင်းပြစ်မှုနှင့်စွပ်စွဲခံရသူ မည်သူအပေါ်မဆို သက်သေခံချက်အဖြစ် တင်သွင်းနိုင်သည်။