ပုဒ်မ ၇၈
ပုဒ်မ ၇၈
အစိုးရရုံးများဆိုင်ရာ အခြားစာတမ်းအမှတ်အသားများအတွက်သက်သေထင်ရှားတင်ပြခြင်း

အောက်ပါအများပြည်သူတို့နှင့်သက်ဆိုင်သည့် စာတမ်းအမှတ်အသားများကို အောက်တွင်ဖော်ပြ ထားသည့်အတိုင်း သက်သေထင်ရှားတင်ပြနိုင်သည်-

(၁) အစိုးရအက်ဥပဒေများ၊အမိန့်များနှင့် အမိန့်ကြော်ငြာစာများ-

သက်ဆိုင်ရာဌာနများ၏အကြီးအကဲများက တာဝန်ခံလက်မှတ်ရေးထိုးထားသော ဌာနဆိုင်ရာမှ မှတ်တမ်းများ သို့မဟုတ်ပြည်ထောင်စုသမ္မတ၏ အမိန့်သဘောအရပုံနှိပ်ထားသည်ဆိုသော စာတမ်း အမှတ်အသား များ၊

(၂) ဥပဒေပြုအဖွဲ့များ၏ဆောင်ရွက်ချက်များ-

ထိုအဖွဲ့များ၏ဂျာနယ်များ သို့မဟုတ် ထုတ်ပြန်ထားသော အက်ဥပဒေများ သို့မဟုတ်၎င်းတို့၏ ကောက် နုတ်ချက်များ သို့မဟုတ် ပြည်ထောင်စုသမ္မတ၏အမိန့်သဘောအရပုံနှိပ်ထားသည်ဆိုသောမိတ္တူများ၊

(၃) ဗြိတိန်ဘုရင် သို့မဟုတ် ပရီဗွီကောင်စီ သို့မဟုတ် ဗြိတိန်ဘုရင်အစိုးရ၏ဌာနတစ်ခုခုမှဖြစ်စေ ထုတ်ပြန်သော ကြေညာစာတမ်းများ-

အမိန့်နှင့်စည်းမျဉ်းဥပဒေများ သို့မဟုတ် လန်ဒန်ဂေဇက်က ရိုက်နှိပ်သည့်သဘောသက်ရောက်သည့် မိတ္တူနှင့်ကောက်နုတ်ချက်များ၊

(၄) နိုင်ငံခြားတိုင်းပြည်တစ်ပြည်၏အုပ်ချုပ်ရေးအဖွဲ့၏အက်ဥပဒေများ သို့မဟုတ် ဥပဒေပြုအဖွဲ့၏ ဆောင်ရွက်ချက်များ-

၎င်းအဖွဲ့များ၏ အမိန့်အာဏာအရ ထုတ်ဝေသော သို့မဟုတ် ထိုနိုင်ငံတွင် ထိုကဲ့သို့ထုတ်ဝေသည်ဟု သာမန်အားဖြင့် လက်ခံသောဂျာနယ်များသို့မဟုတ် ထိုနိုင်ငံ၏တံဆိပ်ဖြင့်ဖြစ်စေ ထိုနိုင်ငံဘုရင်၏ တံဆိပ်အမှတ်အသားဖြင့် တာဝန်ခံလက်မှတ်ရေးထိုးထားသော သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတွင် တည်ဆဲဖြစ်သော ဥပဒေအရအသိအမှတ်ပြုထားသော မိတ္တူများ၊

(၅) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းစည်ပင်သာယာရေးအဖွဲ့ တစ်ဖွဲ့၏ဆောင်ရွက်ချက်များ-

အဆိုပါ ဆောင်ရွက်ချက်များကို ဥပဒေအရထိန်းသိမ်းရသူက တာဝန်ခံလက်မှတ်ရေးထိုးသောအဆိုပါ ဆောင်ရွက်ချက်များ၏မိတ္တူ သို့မဟုတ် အဆိုပါအဖွဲ့၏အမိန့်အရထုတ်ဝေထားသည်ဆိုသော ပုံနှိပ် ထားသည့်စာအုပ်၊

(၆) နိုင်ငံခြားတိုင်းပြည်တစ်ပြည်၏ အများပြည်သူတို့နှင့်သက်ဆိုင်သော အခြားစာတမ်းအမှတ်အသား-

အထက်ပါ အမျိုးအစားတစ်ရပ်ရပ်ကို မူရင်းစာတမ်း သို့မဟုတ် အဆိုပါစာတမ်းအမှတ်အသားကို တရားဝင်ထိန်းသိမ်းရသူ၏ တာဝန်ခံမိတ္တူဖြင့် တင်ပြနိုင်သည်။ ဆိုခဲ့သည့်မှန်ကြောင်းထောက်ခံ ထားသောမိတ္တူသည်မူရင်းစာတမ်းအမှတ်အသား၏ အမျိုးအစားဖြစ်ကြောင်းကို ထိုနိုင်ငံခြားတိုင်းပြည် ၏တရားဥပဒေနှင့်အညီအထောက်အထားတင်ပြပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ မူရင်းစာတမ်း အမှတ်အသားကို တရားဝင်ထိန်းသိမ်းရသူကနည်းလမ်းတကျ တာဝန်ခံမိတ္တူဖြစ်သည်ဟူ၍လည်း ကောင်း နိုထရီပတ်ဗလစ်မှတ်ပုံတင်အရာရှိကဖြစ်စေ၊ ဗြိတိသျှကောင်စစ်ဝန်သို့မဟုတ် သံတမန်ကိုယ် စားလှယ် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော် သို့မဟုတ် သံတမန် ကိုယ်စားလှယ်ကဖြစ်စေတံဆိပ် ရိုက်နှိပ်ထားပြီးတာဝန်ခံကြောင်းသက်သေခံချက်တစ်ရပ်ရပ်ပါရှိရမည်။