ပုဒ်မ ၁၁၂
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် -
(က) ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊
(ခ) ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော် သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအားဖိတ်ကြားရမည်၊
(ဂ) ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက် ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေ အရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း သတ်မှတ် ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များဆောင်ရွက်ရမည်။