ပုဒ်မ ၁၆၃
ပုဒ်မ ၁၆၃
ပြည်သူ့ဝန်ထမ်းအား ပုဂ္ဂိုလ်ရေးဩဇာလွှမ်းမိုးမှုကို အသုံးပြုသည့်အတွက် တံစိုးလက်ဆောင်ယူခြင်း

မည်သူမဆို ပြည်သူ့ဝန်ထမ်းတစ်ဦးဦးအား ရာထူးဆိုင်ရာ ပြုလုပ်မှုတစ်ခုကိုပြုရန် သို့မဟုတ် ထိုသို့ပြုခြင်းမှရှောင်ရန် သို့မဟုတ် ထိုပြည်သူ့ဝန်ထမ်း၏ ရာထူးအလျောက် အလုပ်ဝတ္တရားကို ဆောင်ရွက်ရာတွင် သူတစ်ဦးဦးအား မျက်နှာလိုက်ရန်ဖြစ်စေ သို့မဟုတ် နှိမ်ရန် သို့မဟုတ် ဥပဒေပြု အဖွဲ့ထံတွင် သို့မဟုတ် အစိုးရထံတွင်ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းတစ်ဦးဦးထံတွင်ဖြစ်စေ သူတစ်ဦးဦးအတွက် ကောင်းကျိုးကိုလည်းကောင်း၊ မကောင်းကျိုးကိုလည်းကောင်းပြုရန် သို့မဟုတ် ထိုသို့ပြုခြင်းကို အားထုတ်စေရန် ဩဇာလွှမ်းမိုးမှုကိုကျင့်သုံး၍ သွေးဆောင်သည့်အတွက် တံစိုးလက်ဆောင်ကို ရည်ရွယ်ချက်အဖြစ်ဖြင့်ဖြစ်စေ၊ ဆုလာဘ်အဖြစ်ဖြင့်ဖြစ်စေ မိမိအတွက်သော်လည်းကောင်း၊ သူတစ်ပါး အတွက်သော်လည်းကောင်း သူတစ်ဦးဦးထံမှ လက်ခံလျှင် သို့မဟုတ် ရယူလျှင် သို့မဟုတ် လက်ခံရန် သဘောတူလျှင် သို့မဟုတ် ရယူရန်အားထုတ်လျှင် ထိုသူကို တစ်နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ဥပမာ

တရားသူကြီးရှေ့မှောက်တွင် အမှုတစ်ခုကို လျှောက်လဲပြောဆိုသည့်အတွက် အခကြေးငွေရရှိသူ၊ ရှေ့နေ၊ အစိုးရထံအကျိုးအကြောင်းဖော်ပြ၍ အသနားခံလွှာ စီစဉ်ပြုပြင်ပေးသည့်အတွက် အခကြေးငွေရရှိသူ၊ ရာဇဝတ်ပြစ်ဒဏ်သင့်သူတစ်ဦးကိုယ်စား ထိုသူအပေါ်၌ ပြစ်ဒဏ်စီရင်ခြင်းသည် မတရားကြောင်း အစိုးရထံ၌ တင်ပြသည့်အတွက် အခကြေးငွေရရှိသူ ထိုသူတို့သည် မိမိတို့၏ ဩဇာကိုအသုံးမပြုသဖြင့် သို့မဟုတ် ထိုသို့အသုံးပြုကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းမပြုသဖြင့် ထိုသူများသည် ဤပုဒ်မ သဘောတွင် သက်ရောက်ပါဝင်ခြင်းမရှိ။



ကျင့်ထုံး


  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။