မည်သူမဆို ဒင်္ဂါးအတုကို လက်ဝယ်ရရှိသည့် အချိန်က ဒင်္ဂါးအတုဖြစ်မှန်း မသိစေကာမူ နောင်အခါတွင်ဒင်္ဂါးအတုမှန်းသိလျက်နှင့် ဒင်္ဂါးအစစ်အဖြစ်ဖြင့် သူတစ်ဦးဦးသို့ ပေးအပ်လျှင် သို့မဟုတ် ဒင်္ဂါးအစစ်အဖြစ်ဖြင့် လက်ခံအောင် အခြားသူ တစ်ဦးဦးအား သွေးဆောင်ရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ အတုပြုခြင်းခံရသော ဒင်္ဂါးအစစ်တန်ဖိုး ဆယ်ဆထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဥပမာ
ဒင်္ဂါးလုပ်သူ A သည် ကျပ်သုံးဒင်္ဂါးအတုများကို ဖြန့်ချိသုံးစွဲစေရန် အလို့ငှာ ကြံရာပါ B အား ပေးအပ်၏။ B သည် ထိုဒင်္ဂါးအတုများကို အခြားဖြန့်ချိ သုံးစွဲသူ C သို့ ရောင်းလိုက်၏။ C သည် ထိုဒင်္ဂါးအတုများကို ဒင်္ဂါးအတုဖြစ်မှန်း သိလျက်နှင့်ဝယ်၏။ C သည် ကုန်စည်အတွက် D အား ထိုဒင်္ဂါး အတုများကို ပေး၏။ D သည် ဒင်္ဂါးအတုဖြစ်မှန်း မသိသဖြင့် ထိုဒင်္ဂါးအတုများကို လက်ခံလိုက်သည်။ ထို့နောက် နောင်အခါတွင် ဒင်္ဂါးအတုမှန်း သိလာ၍ ထိုဒင်္ဂါးအတုများကို ဒင်္ဂါးအစစ်အနေနှင့် သူတစ်ပါးသို့ ပေးအပ်၏။ D သည် ဤပုဒ်မအရ ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သည်။ B နှင့် C တို့မှာမူကား ကိစ္စရပ်အလိုက် ပုဒ်မ ၂၃၉ အရ ဖြစ်စေ၊ ပုဒ်မ ၂၄၀ အရဖြစ်စေ ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သည်။