ပုဒ်မ ၇၃
ပုဒ်မ ၇၃
ရောင်းရငွေများကိုခွဲဝေပေးခြင်း

ဒီကရီအတည်ပြုရောင်းချရာတွင် ရရှိသည့်ငွေကို တရားနိုင်များအား အချိုးကျ ခွဲဝပေးရခြင်း

(၁) တရားရုံးတစ်ရုံးက ငွေများထိန်းသိမ်းထားရာ၌ ထိုငွေမရမီ တစ်ဦးထက် ပိုသူတို့က တရားရှုံးတစ်ဦးတည်းအပေါ် ချမှတ်သော ငွေဒီကရီတို့ကို အတည်ပြုပေးရန် ယင်းတရားရုံးတွင် လျှောက်ထား၍ ကျေအေးပြေငြိမ်းမှု မရရှိကြသေးလျှင် ထိုငွေရရာရကြောင်း ဆောင်ရွက်ရာတွင် ကုန်ကျ သည့်စရိတ်ကို နုတ်ပြီးနောက် ကျန်ငွေကို ထိုသူများအား အချိုးကျ ခွဲဝေပေးရမည်။ သို့ရာတွင်

(က) ပေါင်နှံထားခြင်း(mortgage)၊ ကြွေးမြီအတွက် ပေးထားသော ခံစားခွင့် (incumbrance/charge)နှင့် မဆန့်ကျင်စေဘဲ ပစ္စည်းတစ်ရပ်ရပ်ကို ရောင်းချလျှင် အပေါင်ခံသူ(mortgagee) သို့မဟုတ် မြီရှင် (incumbrancer)သည် ထိုသို့ ရောင်းချရာမှ ပိုလျံငွေတွင် ဝေစုမရထိုက်စေရ။

( ခ )   ဒီကရီ အတည်ပြုရာတွင် ရောင်းချနိုင်သောပစ္စည်းမှာ ပေါင်နှံထားသော သို့မဟုတ် ကြွေးမြီအတွက် ပေးထားသော ခံစားခွင့်ရှိသော ပစ္စည်းဖြစ်လျှင် တရားရုံးသည် အပေါင်ခံသူ သို့မဟုတ် မြီရှင်အား ရောင်းချသည့် ပစ္စည်း၌ ရရန်ရှိသည့်အတိုင်း ရောင်းရငွေတွင် အကျိုးခံစားခွင့် ရရှိစေလျက် ထိုအပေါင်ခံသူ သို့မဟုတ် မြီရှင်၏သဘောတူချက်ဖြင့် ပစ္စည်းကို အပေါင်လွတ် သို့မဟုတ် တာဝန်တင်ကြွေးလွတ် ရောင်းချစေရန် အမိန့်ချမှတ်နိုင်သည်။

( ဂ )   တင်ရှိသော ကြွေးမြီကို ပေးဆပ်ရန်အတွက် ရောင်းချစေသည့် ဒီကရီကို အတည်ပြုရာ၌ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းချရာတွင် ရောင်းရငွေကို အောက်ပါအတိုင်း သုံးစွဲရမည် –

ပထမ            -   အရောင်းစရိတ်များ ကျခံခြင်း၊

ဒုတိယ           -   ဒီကရီအရ ပေးဆပ်ရန်ရှိသည့်ငွေကို ပေးဆပ်ခြင်း

တတိယ         -    နောက်ထပ်ကြွေးမြီများ (ရှိလျှင်)အတွက်  ပေးဆပ်ရန်ရှိသော အတိုးနှင့် အရင်းများကို ပေးဆပ်ခြင်း၊ ထို့ပြင်

စတုတ္ထ          -        တရားရှုံးအပေါ်  ငွေဒီကရီများ ရရှိထားသူ တို့က ယင်းပစ္စည်း ရောင်းချရန် ညွှန်ကြားသော ဒီကရီကိုချမှတ်သည့် တရားရုံးတွင် အတည်ပြုပေးရန်ပစ္စည်း မရောင်းချမီ မိမိတို့၏ ဒီကရီများကို လျှောက်ထားကြပြီး ကျေအေးပြေငြိမ်းမှု မရရှိကြသေးသူတို့အား အချိုးကျ ခွဲဝေပေးခြင်း

(၂) ဤပုဒ်မအရ အချိုးကျခွဲဝေပေးရမည့် ငွေအားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ၊ မရထိုက်သူအား ပေးမိလျှင် ရထိုက်သူတစ်ဦးဦးသည် ယင်းငွေကို ပြန်ပေးစေရန်အတွက် ထိုသူအပေါ် တရားစွဲဆိုနိုင်သည်။

(၃) ဤပုဒ်မပါ မည်သည့်ပြဌာန်းချက်ကမျှ အစိုးရ၏ မည်သည့်ရပိုင်ခွင့်ကိုမဆို ထိခိုက်ခြင်း မရှိစေရ။

မှတ်စု။ ဆရာမြ၏ တရားမကျင့်ထုံးစာအုပ်တွင် ( incumbrance/charge) ကို တာဝန်တင်ကြွေး”ဟု ဘာသာပြန်ဆိုထားပါသည်။ ဆရာ ဦးကျော်အေး၏ တရားမကျင့်ထုံးဥပဒေတွင် စာ-၄၄၂ တွင် charge ကို “ ကြွေးမြီအတွက် ပေးထားသော ခံစားခွင့်’ ဟု သုံးနုန်းထားပါသည်။