ပုဒ်မ ၁၉၀
ပုဒ်မ ၁၉၀
တရားသူကြီးများက ပြစ်မှုများကို အရေးယူခြင်း

(၁) နောက်တွင် ပြဋ္ဌာန်းပါရှိသည်မှတစ်ပါး မည်သည့် ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင် ရာဇဝတ်တရားသူကြီး၊ ထို့ပြင် ဤကိစ္စအလို့ငှာ အထူးအားဖြင့် အာဏာအပ်နှင်း ထားသည့် မည်သည့်အခြား တရားသူကြီးမဆို ပြစ်မှုတစ်စုံတစ်ရာကို -

(က) အဆိုပါပြစ်မှု ဖြစ်မြောက်စေမည့် အကြောင်းခြင်းရာများ ပါရှိသည့် တိုင်တန်းချက်ကို ရရှိသည့်အခါ၊

(ခ) အဆိုပါအကြောင်းခြင်းရာများနှင့်စပ်လျဉ်း၍ ရဲအရာရှိတစ်ဦးက စာဖြင့်ရေးသား အစီရင် ခံသည့်အခါ၊

(ဂ)အဆိုပါပြစ်မှုကျူးလွန်ခဲ့ကြောင်း ရဲအရာရှိမဟုတ်သူ တစ်ဦးတစ်ယောက်ထံမှ သတင်းရရှိသည့်အခါ သို့မဟုတ် မိမိကိုယ်တိုင်သိရှိသည့်အခါ သို့မဟုတ် မိမိကိုယ်တိုင် သံသယ ဖြစ်သည့်အခါ အဆိုပါပြစ်မှုကို အရေးယူနိုင်သည်။

(၂) နိုင်ငံတော်သမ္မတကဖြစ်စေ၊ နိုင်ငံတော်သမ္မတ၏ ယေဘုယျ သို့မဟုတ် အထူးအမိန့် များကို လိုက်နာရန် ခရိုင်ရာဇဝတ်တရားသူကြီးကဖြစ်စေ မည်သည့်တရားသူကြီးကို မဆို ၎င်း ရာဇဝတ်တရားသူကြီး စစ်ဆေးစီရင်နိုင်သော သို့မဟုတ် စစ်ဆေးစီရင်ရန် လွှဲအပ် တင်ပို့ပေးနိုင်သေ ပြစ်မှုများကို ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က) သို့မဟုတ် ပုဒ်မခွဲငယ် (ခ) အရ အရေး ဆောင်ရွက်နိုင်စေရန် အာဏာအပ်နှင်းနိုင်သည်။

(၃) နိုင်ငံတော်သမ္မတသည် မည်သည့် ပထမတန်း အာဏာရ တရားသူကြီး သို့မဟုတ် ဒုတိယတန် အာဏာရ တရားသူကြီးကို မဆို ၎င်းအနေဖြင့် စစ်ဆေးစီရင်နိုင်သော သို့မဟုတ် စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့နိုင်သော ပြစ်မှုများကို ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (ဂ) အရ အရေ ဆောင်ရွက်နိုင်စေရန် အာဏာအပ်နှင်းနိုင်သည်။