ပုဒ်မ ၁၉၁
ပုဒ်မ ၁၉၁
မမှန်သက်သေခံခြင်း

မည်သူမဆို ကျမ်းသစ္စာကျိန်ဆိုချက်အရဖြစ်စေ၊ ဥပဒေ၌ အတိအလင်းဖော်ပြထားသော ပြဋ္ဌာန်းချက်အရဖြစ်စေ အမှန်ထွက်ဆိုရန် ဥပဒေအရ တာဝန်ရှိပါလျက်နှင့် သို့မဟုတ် အကြောင်းအရာ တစ်ခုခုနှင့် စပ်လျဉ်း၍ ကြေညာချက်ပြုရန် ဥပဒေအရ တာဝန်ရှိလျက်နှင့် မမှန်သည်လည်းဖြစ်သည့်ပြင် မမှန်ဟု မိမိသိသည်လည်း ဖြစ်သော သို့မဟုတ် ယုံကြည်သည်လည်းဖြစ်သော သို့မဟုတ် မှန်သည်ဟု မိမိ ယုံကြည်ခြင်း မရှိသည်လည်းဖြစ်သော ဖော်ပြချက်ကိုပြုလျှင် ထိုသူသည် မမှန်သက်သေခံသည်မည်၏။

ရှင်းလင်းချက် ၁ နှုတ်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြုသောဖော်ပြချက်သည် ဤပုဒ်မ၏ အဓိပ္ပာယ်၌အကျုံးဝင်သည်။

ရှင်းလင်းချက် ၂ ထွက်ဆိုသူ၏ သို့မဟုတ် ကြေညာသူ၏ ယုံကြည်ချက်နှင့်စပ်လျဉ်း၍ ထိုသူ၏ ယုံကြည်ချက်အတိုင်း မဟုတ်သော ကြေညာချက်သည် သို့မဟုတ် ထွက်ဆို ချက်သည် ဤပုဒ်မ၏ အဓိပ္ပာယ်၌ အကျူံးဝင်သည်။ ထို့ပြင် သူတစ်ဦးသည် မိမိမသိသော အရာကိုသိသည်ဟု ထွက်ဆိုခြင်းဖြင့် မမှန်သက်သေခံမှု ကျူးလွန်ရာရောက်သည့်နည်းတူ မိမိမယုံကြည်သော အရာကို ယုံကြည်သည် ဟု ထွက်ဆိုခြင်းဖြင့်လည်း မမှန်သက်သေခံမှု ကျူးလွန်ရာရောက်သည်။

ဥပမာများ

(က) Z ထံမှ တရားသဖြင့် ရရန်ရှိသော ကြွေးငွေတစ်ထောင်အတွက် B က တရား စွဲဆိုရာတွင် B ၏ တောင်းဆိုချက်အတိုင်း မှန်သည်ဟု Z က ဝန်ခံသည်ကို မိမိကြားကြောင်း A က အမှုစစ်ဆေးစဉ်တွင် ကျမ်းကျိန်၍မမှန်ထွက်ဆို၏။ A သည် မမှန်သက်သေခံသည်မည်၏။

(ခ) အမှန်ထွက်ဆိုပါမည်ဟု ကျမ်းသစ္စာပြုပြီးသော A သည် ရေးထိုးသော လက်မှတ်တစ်ခုကို Z ၏ လက်မှတ်ဖြစ်သည်ဟု မိမိမယုံကြည်ပါဘဲလျက် Z ၏ လက်မှတ်ဖြစ်သည်ဟု ယုံကြည်ကြောင်း ထွက်ဆို၏။ ဤနေရာတွင် Aသည် မိမိယုံကြည်သည့်အတိုင်း ထွက်ဆိုခြင်း မဟုတ်သည်ကို သိလျက်နှင့် ထွက်ဆိုခြင်းဖြစ်သည်။ ထို့ကြောင့် A သည် မမှန်သက်သေခံသည် မည်၏။

(ဂ) A သည် Z ရေးသားမြဲလက်ရေး၏ ပုံပန်းကို သိသဖြင့် ရေးထိုးသော လက်မှတ်တစ်ခုကို Z ၏ လက်မှတ်ဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်သည့်အတိုင်း Z ၏ လက်မှတ်ဖြစ်သည်ဟု မိမိ ယုံကြည်ကြောင်း ထွက်ဆို၏။ A ၏ ထွက်ဆိုချက်သည် သူ၏ ယုံကြည်ချက်နှင့်သာ သက်ဆိုင်သည့်ပြင် သူအမှန်တကယ်ယုံကြည်သည်လည်းဖြစ်၏။ ထို့ကြောင့် အဆိုပါ ရေးထိုးထားသော လက်မှတ်သည် Z ၏ လက်မှတ်မဟုတ်စေကာမူ A သည် မမှန်သက်သေခံသည်မမည်။

(ဃ) အမှန်ထွက်ဆိုပါမည်ဟု ကျမ်းသစ္စာပြုပြီးသော A သည် ဤမည်သော နေ့ရက်တွင် ဤမည်သောနေရာ၌ Z ရှိကြောင်း မသိပါဘဲလျက် ထိုနေ့ရက်၊ ထိုနေရာ၌ Z ရှိကြောင်း မိမိသိသည်ဟု ထွက်ဆို၏။ Z သည် ထိုနေ့ရက်၊ ထိုနေရာ၌ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ A သည် မမှန် သက်သေခံသည်မည်၏။

(င) စကားပြန်ဖြစ်သူ သို့မဟုတ် ဘာသာပြန်ဖြစ်သူ A သည် ထွက်ဆိုချက်တစ်ခုကို သော်လည်းကောင်း၊ စာတမ်းအမှတ်အသား တစ်ခုကိုသော်လည်းကောင်း မှန်ကန်စွာ ဘာသာပြန်ဆို ပါမည်ဟု ကျမ်းသစ္စာ ပြုထားပါလျက်နှင့် မမှန်သည်လည်းဖြစ်သည့်ပြင် မှန်သည်ဟု မိမိယုံကြည်ခြင်း မရှိသည်လည်းဖြစ်သော ဘာသာပြန်ဆိုချက်ကိုပြု၏ သို့မဟုတ် မှန်သည်ဟု တာဝန်ခံ၏။ A သည် မမှန်သက်သေခံသည်မည်၏။


ကျင့်ထုံး