(၁) ရဲအရာရှိတစ်ဦးအား ထုတ်ဆင့်သောဝရမ်းသည် ယင်းဝရမ်းထုတ်သည့် တရားရုံး၏ စီရင် ပိုင်ခွင့် အာဏာ နယ်မြေပြင်ပတွင် အတည်ပြုရန်ဖြစ်လျှင် အဆိုပါ ရဲအရာရှိသည် ဝရမ်းကို ယင်းဝရမ်း အတည်ပြုရမည့်နယ်မြေအတွင်း စီရင်ပိုင်ခွင့်အာဏာရှိရာ တရားသူကြီး သို့မဟုတ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းမှူးထက် အဆင့်မနိမ့်သော ရဲအရာရှိ တစ်ဦးထံ ထပ်ဆင့် လက်မှတ် ရေးထိုးရန်အတွက် သာမန်အားဖြင့် ယူဆောင်သွားရမည်။
(၂) အဆိုပါ တရားသူကြီး သို့မဟုတ် ရဲအရာရှိသည် ဝရမ်းပေါ်တွင် မိမိနာမည်ကို ထပ်ဆင့် ရေးသား၍ လက်မှတ်ရေးထိုးပေးရမည်။ ထိုသို့ ရေးထိုးပေးခြင်းသည် အဆိုပါ နယ်မြေ အတွင်း ဝရမ်း အတည်ပြုရန် လုံလောက်သည့် အခွင့်အာဏာပေးခြင်း ဖြစ်သည်။ ထိုနယ်မြေမှ ရဲများကလည်း လိုအပ်လျှင် အဆိုပါဝရမ်း အတည်ပြုရာ၌ ထိုရဲအရာရှိကို ကူညီရမည်။
(၃) ဝရမ်းအတည်ပြုရမည့် နယ်မြေအတွင်း စီရင်ပိုင်ခွင့်အာဏာရှိသော တရားသူကြီး သို့မဟုတ် ရဲအရာရှိ၏ ထပ်ဆင့်ရေးသား၍ လက်မှတ်ရေးထိုး ရယူခြင်းအားဖြင့် အချိန် နှောင့်နှေးပြီး အတည်ပြုရာတွင် အနှောင့်အယှက်ဖြစ်မည်ဟု ယုံကြည်ရန် အကြောင်း ရှိလျှင် ဝရမ်း အတည်ပြုသည့် ရဲအရာရှိသည် ဝရမ်းစာထုတ်သည့် တရားရုံး၏ စီရင်ပိုင်ခွင့် အာဏာနယ်မြေပြင်ပ မည်သည့်နေရာတွင်မဆို ထပ်ဆင့်ရေးသား၍ လက်မှတ်ရေးထိုး ခြင်း မပြုတော့ဘဲ ဝရမ်းကို အတည်ပြုနိုင်သည်။