ပုဒ်မ ၃၃
ပုဒ်မ ၃၃
အမှုတစ်မှုမှသက်သေခံချက်၌ဖော်ပြထားသည့်အကြောင်းခြင်းရာများ သက်သေထင်ရှားအဖြစ် နောက်တစ်မှုတွင် သက်သေခံတင်ပြရန်အတွက်အဆိုပါသက်သေခံချက်သည်အမှု၌စပ်ဆိုင်ခြင်း

တရားစီရင်ရေးမှုခင်း တစ်ခုတွင်ဖြစ်စေ၊တရားဥပဒေအရသက်သေခံချက်ရေးမှတ်ယူခွင့်ရှိသူတစ် ဦးတစ်ယောက်ထံတွင်ဖြစ်စေ၊ သက်သေခံတစ်ဦးကထွက်ဆိုသော သက်သေခံချက်သည် ထိုသက်သေခံ ချက်တွင်ပါရှိသည့်အကြောင်းအရာများသက်သေထင်ရှားအဖြစ်ထိုအမှု၏နောက်ပိုင်း အဆင့်တွင်သော် လည်းကောင်း၊ နောက်ထပ်စွဲဆိုသောတရားစီရင်ရေးမှုခင်းတစ်ခုတွင်သော်လည်းကောင်း၊ သက်သေခံ တင်ပြရာတွင် အမှု၌စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်ဟု ဆိုရမည်။ ထိုသို့သက်သေခံ တင်ပြခြင်းသည် ထိုသက်သေသေဆုံးခြင်း သို့မဟုတ် ထိုသက်သေကိုရှာ၍ မတွေ့နိုင်ခြင်းသို့မဟုတ် ထိုသက်သေက သက်သေခံချက်မပေးနိုင်သည့်အဖြစ်သို့ ရောက်ရှိခြင်း သို့မဟုတ် ဆန့်ကျင်ဘက် အမှုသည်က ထိုသက်သေကို မလာရောက်စေရန် တစ်နည်းနည်းပြုလုပ်ထားခြင်း သို့မဟုတ် အမှု၏ အခြေအနေကို ထောက်ချင့်၍ ထိုသက်သေလာရောက်စေရန်အတွက် ကြန့်ကြာမည့်အချိန်သို့မဟုတ် ကုန်ကျမည့်စရိတ်မှာသင့်တော်ခြင်း မရှိဟုတရားရုံးကယူဆခြင်းကြောင့် သက်သေခံတင်ပြခြင်းဖြစ်ရမည်။

သို့ရာတွင် ပထမမှုခင်းမှ အမှုသည်များသည် ဒုတိယမှုခင်းမှ အမှုသည်များ သို့မဟုတ် ယင်းတို့၏အကျိုး ဆက်ခံသည့် ကိုယ်စားလှယ်များနှင့်တူညီခြင်း၊ ပထမမှုခင်းတွင် ဆန့်ကျင်ဘက် အမှုသည်ကပြန်လှန်စစ်မေးရန် အခွင့်အရေးရရှိခဲ့ခြင်း၊ ပထမမှုခင်းနှင့်ဒုတိယမှုခင်းတွင်ပေါ်ပေါက်သော အရေးပါသည့်အငြင်းဖြစ်ပြဿနာများမှာ တစ်မှုနှင့်တစ်မှုတူညီခြင်းရှိရမည်။

ရှင်းလင်းချက် ။ ။ ပြစ်မှုဆိုင်ရာ အမှုစစ်ဆေးစီရင်ခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းသည် ဤပုဒ်မ၏ အဓိပ္ပာယ်အရ တရားစွဲဆိုသူနှင့် တရားခံတို့အကြားဖြစ်ပွားသော မှုခင်းဖြစ်သည်ဟုမှတ်ယူရမည်။