ပုဒ်မ ၂၃၇
ပုဒ်မ ၂၃၇
ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း

(က) နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဉာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာ တာဝန်များပေး အပ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်-

(၁) အသက် ၄၅ နှစ်ပြည့်ပြီးသူ၊

(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသောပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊

(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊

(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်

(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သောတရားရေးအရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင်အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်

(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံးအနှစ် ၂၀ အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်

(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ။

(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) ပြည်ထောင်စုရှေ့နေချုပ်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်း သည့်ပုဂ္ဂိုလ်အား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊

(ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်​တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊

(ဃ) ပြည်ထောင်စုရှေ့နေချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဖြစ်သည်၊

(င) ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊

(စ) ပြည်ထောင်စုရှေ့နေချုပ်သည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက် ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊

(ဆ) ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်း အဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊

(ဇ) ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုရှေ့နေချုပ် အဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။



ကျင့်ထုံး