ပုဒ်မ ၁၃၆
ပုဒ်မ ၁၃၆
သက်သေခံချက် သက်သေခံဝင်သည် မဝင်သည်ကိုတရားသူကြီးကဆုံးဖြတ်ရခြင်း

မည်သည့်အမှုသည်ကမဆို အကြောင်းခြင်းရာတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ သက်သေခံချက် တင်ပြရန် အဆိုပြုသောအခါ တရားသူကြီးသည် သက်သေထင်ရှားရှိလျှင် မည်သည့်နည်းဖြင့် စပ်ဆိုင် ကြောင်းမေး မြန်းနိုင်သည်။

ယင်းအပြင် တရားသူကြီးသည် ထိုအကြောင်းခြင်းရာမှာ သက်သေထင်ရှားရှိလျှင် စပ်ဆိုင်မှုရှိမည်ဟု ထင်မြင်မှသာ ယင်းသက်သေခံချက်ကိုလက်ခံရမည်။ ထိုသို့မထင်မြင်လျှင်လက်မခံရ။ သက်သေထင်ရှား စေလိုသော အကြောင်းခြင်းရာသည် အခြားအကြောင်းခြင်းရာတစ်ရပ်ရပ်ကို သက်သေထင်ရှားပြမှသာ လက်ခံနိုင်မည်ဖြစ်လျှင် နောက်ဆုံးဖော်ပြသည့် အကြောင်းခြင်းရာကိုပထမဖော်ပြသည့်အကြောင်းခြင်း ရာ၏ အလျင်သက်သေထင်ရှားတင်ပြရမည်။ သို့ရာတွင် အဆိုပါအကြောင်းခြင်းရာကိုသက်သေထင်ရှား ပြသရမည်ဟုအမှုသည်ကတာဝန်ယူလျှင်ယင်းတာဝန်ယူချက်ကိုလည်း တရားရုံးကကျေနပ်ပါကတင်ပြ ရန်ဖြစ်သော သက်သေခံချက်ကို ရှေးဦးစွာတင်ပြခွင့်ပြုနိုင်သည်။

ဥပမာများ

(က) စပ်ဆိုင်သည့် အကြောင်းခြင်းရာတစ်ခုနှင့် စပ်လျဉ်း၍ သေဆုံးပြီဟု အဆိုရှိသူ၏ထွက်ဆိုချက်ကို သက်သေထင်ရှားတင်ပြလိုကြောင်း အဆိုပြုထားသည်။ ထိုထွက်ဆိုချက်သည် ပုဒ်မ ၃၂ အရစပ်ဆိုင် သည့်ထွက်ဆိုချက်ဖြစ်သည်။

ထိုထွက်ဆိုချက်ကို သက်သေထင်ရှားတင်ပြလိုကြောင်း အဆိုပြုသူသည် ထိုထွက်ဆိုချက်နှင့်စပ်လျဉ်း၍ သက်သေခံတင်ပြခြင်းမပြုမီထိုသို့ ထွက်ဆိုသူသေဆုံးပြီဟူသော အကြောင်းခြင်းရာကိုသက်သေထင်ရှား တင်ပြရမည်။

(ခ) ပျောက်ဆုံးသည်ဆိုသောစာတမ်းအမှတ်အသားတစ်ခုပါ အချက်များကိုသက်သေထင်ရှားအဖြစ် ထိုစာတမ်းအမှတ်အသား၏မိတ္တူကိုတင်ပြလိုကြောင်းအဆိုပြုထားသည်။

ထိုစာတမ်းအမှတ်၏မိတ္တူကို တင်ပြလိုကြောင်းအဆိုပြုသူသည် ထိုမိတ္တူကို တင်ပြခြင်းမပြုမီမူရင်းစာတမ်းအမှတ်အသား ပျောက်ဆုံးသည် ဆိုသောအချက်ကို သက်သေထင်ရှား တင်ပြရမည်။

(ဂ) A သည်ခိုးရာပါပစ္စည်းကို ခိုးယူ၍ ရရှိခဲ့ကြောင်းသိလျက်နှင့် လက်ခံထားသည်ဟု တရားစွဲဆိုခြင်းခံရသည်။ ထိုသူက ထိုပစ္စည်းမှာ မိမိလက်ဝယ်မရှိကြောင်းဖြင့် ငြင်းဆိုခဲ့သည်ကို သက်သေထင်ရှားတင်ပြလိုကြောင်းအဆိုပြုထားသည်။

ပစ္စည်းသည် ခိုးရာပါပစ္စည်းဟုတ်မှန်မှသာ အဆိုပါငြင်းဆိုချက်သည် အမှု၌စပ်ဆိုင်မည်ဖြစ်သည်။ ပစ္စည်းလက်ဝယ်မရှိကြောင်းငြင်းဆိုချက်ကို သက်သေထင်ရှားတင်ပြခြင်းမပြုမီ ထိုပစ္စည်းမှာခိုးရာပါ ပစ္စည်း ဟုတ်မဟုတ် သက်သေခံတင်ပြရန်တရားရုံးက ချင့်ချိန်၍တောင်းဆိုနိုင်သည်။ သို့မဟုတ် ထိုပစ္စည်းမှာ ခိုးရာပါပစ္စည်းဟုတ်မှန်ကြောင်းသက်သေခံတင်ပြခြင်းမပြုမီ ပစ္စည်းလက်ဝယ်မရှိကြောင်း ငြင်းဆိုချက် ကို သက်သေထင်ရှားတင်ပြရန် တရားရုံးက ချင့်ချိန်၍ခွင့်ပြုနိုင်သည်။

(ဃ) အငြင်းဖြစ်သည့်အကြောင်းခြင်းရာဖြစ်ပေါ်ခြင်း၏အကြောင်းသော်လည်းကောင်း၊ အကျိုးသော် လည်းကောင်း ဖြစ်သည်ဆိုသော အကြောင်းခြင်းရာ A ကိုသက်သေထင်ရှားတင်ပြလိုကြောင်း အဆိုပြု ထားသည်။ အကြောင်းခြင်းရာ A သည် အငြင်းဖြစ်သည့်အကြောင်းခြင်းရာဖြစ်ပေါ်ရခြင်း၏အကြောင်း သော်လည်းကောင်း၊အကျိုးသော်လည်းကောင်းဖြစ်သည်ဟုယူဆခြင်းမပြုနိုင်မီ အချို့သော ကြားဝင် အကြောင်းခြင်းရာများ (B၊ C နှင့် D) တို့တည်ရှိကြောင်းတင်ပြရမည်ဖြစ်သည်။ (B) (C) နှင့် (D) တို့ ကို သက်သေထင်ရှားတင်ပြရန် တရားရုံးကခွင့်ပြုနိုင်သည်၊ သို့မဟုတ် (A) ကိုသက်သေထင်ရှားတင်ပြ ခွင့်မပြုမီ (B) (C) နှင့် (D) တို့ကို သက်သေထင်ရှားပြရန်တရားရုံးက တောင်းဆိုနိုင်သည်။