မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက် သို့မဟုတ် ပြည်ထောင်စုအတွင်းရှိ နယ်မြေများအတွက် ဥပဒေအရတည်ထောင်ထားသော အစိုးရ သို့မဟုတ် တပ်မတော် သို့မဟုတ် တပ်မတော်သားများကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ပြုလျှင် သို့မဟုတ် ထိုသို့ ပြုရန်အားထုတ်လျှင် သို့မဟုတ် မေတ္တာပျက်အောင်လှုံ့ဆော်လျှင် သို့မဟုတ် ထိုသို့လှုံ့ဆော်ရန်အားထုတ်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ နှစ်နှစ်ဆယ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ခုနစ်နှစ်ထိထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်ရမည်။
ရှင်းလင်းချက် ၁။မေတ္တာပျက်စေခြင်းဆိုသည့်စကားရပ်တွင် သစ္စာမဲ့ခြင်းနှင့် အငြိုးထားသော စိတ်ခံစားချက်အားလုံး ပါဝင်သည်။
ရှင်းလင်းချက် ၂။မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း၊ မေတ္တာပျက်အောင်သော်လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း သို့မဟုတ် လှုံ့ဆော်ရန် အားထုတ်ခြင်းမရှိဘဲ အစိုးရ၏ဆောင်ရွက်မှုများကို ဥပဒေနှင့် ညီသောနည်းဖြင့် ပြောင်းလဲပြုပြင်စေရန် ရည်ရွယ်လျက် ထိုဆောင်ရွက်မှုများကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်။
ရှင်းလင်းချက် ၃။မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း၊ မေတ္တာပျက်အောင်သော်လည်းကောင်း ဖြစ်စေရန်လှုံ့ဆော်ခြင်း သို့မဟုတ် လှုံ့ဆော်ရန်အားထုတ်ခြင်းမရှိဘဲ အစိုးရ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက် မှုကို သို့မဟုတ် အခြားဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်။