ပုဒ်မ ၄၇
ပုဒ်မ ၄၇
လက်ရေးလက်သားနှင့် စပ်လျဉ်းသည့်ထင်မြင်ချက်များသည် မည်သည့်အခါစပ်ဆိုင်ခြင်း။

တစ်စုံတစ်ခုသောစာချုပ်စာတမ်းကို မည်သူရေးသားသည် သို့မဟုတ် မည်သူလက်မှတ်ရေးထိုးသည် ဆိုသည့်အချက်နှင့်စပ်လျဉ်း၍ တရားရုံးက ဆင်ခြင်သုံးသပ်ရန်ရှိသည့်အခါ ထိုစာချုပ်စာတမ်းကိုရေးသားသူ သို့မဟုတ် လက်မှတ်ရေးထိုးသူဟုဆိုသည့် သူ၏လက်ရေးကို သိကျွမ်းသူတစ်ဦးတစ်ယောက် က အဆိုပါစာချုပ်စာတမ်းကို အဆိုပါသူကရေးသားခဲ့သည် သို့မဟုတ် လက်မှတ်ရေးထိုးခဲ့သည်ဟူ၍ သော်လည်းကောင်း၊ အဆိုပါသူရေးသားခဲ့ခြင်း သို့မဟုတ် လက်မှတ်ရေးထိုးခဲ့ခြင်းမဟုတ်ဟူ၍သော် လည်းကောင်း ထင်မြင်ချက်ပေးလျှင်အဆိုပါထင်မြင်ချက် သည်စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ် သည်။

ရှင်းလင်းချက်။ လူတစ်ဦးတစ်ယောက်သည် အခြားသူတစ်ဦးတစ်ယောက်၏ လက်ရေးကိုထိုသူ ရေးသား သည်ကို လူကိုယ်တိုင်မြင်သည့်ကိစ္စ သူကိုယ်တိုင်ဖြစ်စေ၊ သူ၏ညွှန်ကြားချက်အရဖြစ်စေ ရေးသားပြီး ထိုသူထံလိပ်တပ်၍ပေးပို့သော စာရွက်စာတမ်းများကို ပြန်လည်ဖြေကြားသောအားဖြင့် ထိုသူကရေးသား သည့်သဘောသက်ရောက်သောစာရွက်စာတမ်းများကို သူကိုယ်တိုင်လက်ခံရရှိခဲ့သည့် ကိစ္စ၊ ထိုသူရေးသား သည့်သဘော သက်ရောက်သော စာရွက်စာတမ်းများကို လုပ်ရိုးလုပ်စဉ်အရထိုသူ့ထံ တင်ပြလေ့ရှိသည့်ကိစ္စများ၌သိကျွမ်းသည်ဟု ဆိုရမည်။

ဥပမာများ

ပြဿနာမှာ တင်ပြထားသောစာတစ်စောင်သည် လန်ဒန်မြို့နေကုန်သည် A ၏လက်ရေးနှင့် ဟုတ်မဟုတ် ဖြစ်သည်။

B သည်ရန်ကုန်နေ ကုန်သည်တစ်ဦးဖြစ်၍ A ထံလိပ်စာတပ်၍ စာများရေးသားပေးပို့ခဲ့ရာ A ရေးသား သည့်သဘောသက်ရောက်သောစာများကို ရရှိခဲ့သည်။ C သည် B ၏စာရေးဖြစ်၍ ယင်း၏တာဝန် များမှာ B ၏ပေးစာ၊ ရစာများကိုစစ်ဆေး၍ဖိုင်တွဲထားရန် ဖြစ်သည်။

D သည် B ၏ပွဲစားဖြစ်၍ B က မိမိထံသို့ A ရေးသည့် သဘောသက်ရောက်သောစာများကို D ထံ၊ ယင်းစာများနှင့်ပတ်သက်၍အကြံဉာဏ်ပေးရန်အတွက်တင်ပြလေ့ရှိသည်။

B၊ C နှင့် D တို့သည် A စာရေးသားသည်ကို မမြင်ဖူးကြသော်လည်း အဆိုပါစာသည် A ၏လက်ရေးနှင့် ဟုတ်မဟုတ်ဆိုသောပြဿနာနှင့်စပ်လျဉ်း၍ B၊ C နှင့် D တို့၏ ထင်မြင်ချက်များသည် စပ်ဆိုင်သည်။