(၁) လူတစ်ဦးတစ်ယောက်သည် တစ်မှထက်ပိုပြီး မျိုးတူဖြစ်သောပြစ်မှုများကို ကျုးလွန်ခဲ့သည်မှာ ပထမ ပြစ်မှုမှ နောက်ဆုံးကျူးလွန်သည့် ပြစ်မှုအထိ လူတစ်ဦးတစ်ယောက် တည်းနှင့် ပတ်သက်၍ဖြစ်စေ၊ ထိုသို့ ပတ်သက်ခြင်းမရှိဘဲဖြစ်စေ တစ်ဆယ့်နှစ်လအတွင်း ကျုးလွန် ခဲ့ကြောင်း စွပ်စွဲခံရသည့်အခါ ထိုသို့ကျူးလွန်သည့်ပြစ်မှုများအနက် သုံးမှုထက်မပိုသည့် ပြစ်မှု များအတွက် စွဲချက်တင်၍ အမှုတစ်ခုတည်းတွင် စစ်ဆေးစီရင်နိုင်သည်။
(၂) ပြစ်မှုဆိုင်ရာဥပဒေ၊ သို့မဟုတ် အထူးဥပဒေ၊ သို့မဟုတ် ဒေသန္တရဥပဒေ၏ တူညီသောပုဒ်မများအရ တူညီသောပြစ်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှုများသည် မျိုးတူပြစ်မှုများ ဖြစ်သည်။
သို့ရာတွင် ဤပုဒ်မပါကိစ္စအလို့ငှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉ အရ ပြစ်ဒဏ် ထိုက်သင့်သည့် ပြစ်မှုတစ်ရပ်မှာ အဆိုပါဥပဒေပုဒ်မ ၃၈၀ အရ ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှ တစ်ရပ်နှင့် မျိုးတူဖြစ်သည်ဟု မှတ်ယူရမည်။ ထို့ပြင် ပြစ်မှုဆိုင်ရာဥပဒေ၊ သို့မဟုတ် အထူးဥပဒေ၊ သို့မဟုတ် ဒေသန္တရဥပဒေဆိုင်ရာ ပုဒ်မတစ်စုံတစ်ရာအရ ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုတစ်ရပ်သည် အဆိုပါပြစ်မှုကို ကျူးလွန်ရန် အားထုတ်မှုမှာ ပြစ်မှုမြောက်သည့်အခါ ဆိုခဲ့သည့်ပြစ်မှု ကျုးလွန်ရန်အားထုတ်မှုနှင့် မျိုးတူပြစ်မှုဟု မှတ်ယူရမည်။