ပုဒ်မ ၄၉၇
ပုဒ်မ ၄၉၇
အာမခံမပေးနိုင်သော ပြစ်မှုတွင် မည်သည့်အခါ အာမခံယူနိုင်ခြင်း

(၁) အာမခံမပေးနိုင်သော ပြစ်မှုတစ်စုံတစ်ရာဖြင့် စွပ်စွဲခံရသူ တစ်ဦးသည် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူးက ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းဖြစ်စေ၊ ချုပ်နှောင်ခြင်းဖြစ်စေ ခံရသည့် အခါ၊ သို့မဟုတ် တရားရုံးရွှေ့သို့ ထိုသူရောက်ရှိသောအခါ၊ သို့မဟုတ် တရားရုံးရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့်အခါ၊ ထိုသူကို အာမခံ ဖြင့် လွှတ် ထားနိုင် သည်။ သို့သော်လည်း ထိုသူသည် သေဒဏ်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ စီရင်ထိုက်သော ပြစ်မှုတစ်ရပ်ကို ကျုးလွန်ခဲ့သည်ဟု ယုံကြည်ရန် သင့်လျော်သော အကြောင်းများရှိလျှင် ထိုသူကို ထိုကဲသို့ လွှတ်ထားခြင်းမပြုရ။

သို့ရာတွင် အဆိုပါပြစ်မှုမျိုးဖြင့် စွပ်စွဲခြင်းခံရသည့် အသက်တစ်ဆယ်ခြောက်နှစ် အောက်ရှိသူ မည်သူကိုမဆို၊ သို့မဟုတ် မည်သည့်အမျိုးသမီးကိုမဆို၊ သို့မဟုတ် ဖျားနာနေသော၊ သို့မဟုတ် ည့်နို့နေသော မည်သူ ့ကိုမဆို အာမခံဖြင့် လွှတ်ထား ရန် တရား ရုံးက ညွှန်ကြားနိုင်သည်။

(၂) အဆိုပါ အရာရှိ၊ သို့မဟုတ် တရားရုံးက စုံစမ်းထောက်လှမ်းမှု၊ စုံစမ်း စစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှု၏ မည်သည့်အဆင့်၌မဆို စွပ်စွဲခံရသူသည် အာမခံမပေးနိုင်သည့် ပြစ်မှုတစ်ရပ်ကို ကျုးလွန်ခဲ့သည်ဟု ယုံကြည်ရန်သင့်လျော်သော အကြောင်းများမရှိ သော်လည်း ထိုသူ၏ပြစ်မှုကို ဆက်လက်စုံစမ်းစစ်ဆေးရန် လုံလောက်သော အကြောင်းများ ရှိသည်ဟု ထင်မြင်လျှင် စွပ်စွဲခံရသူကို အဆိုပါ စုံစမ်းစစ်ဆေးမှုအတွင်း၌ အာမခံဖြင့်လွှတ်ထား စေရမည်၊ သို့မဟုတ် အဆိုပါ အရာရှိ၊ သို့မဟုတ် တရားရုံး၏ သဘောအတိုင်း အောက်တွင် ပြဋ္ဌာန်းချက်များနှင့်အညီ ထိုသူရောက်ရှိစေရန်အတွက် အာမခံသူများမပါဘဲ ခံဝန်ချုပ် ချုပ်ဆိုစေလျက် လွှတ်ထားရမည်။

(၃) ပုဒ်မခွဲ(၁)အရ၊ သို့မဟုတ် ပုဒ်မခွဲ ( ၂ ) အရ တစ်ဦးတစ်ယောက်ကို အာမခံဖြင့် လွှတ်ပေးသည့် အရာရှိတစ်ဦး၊ သို့မဟုတ် တရားရုံးတစ်ရုံးသည် မည်သည့်အကြောင်းများကြောင့် ထိုကဲ့သို့ လွှတ်ထားရကြောင်း မိမိ၏အကြောင်းပြချက်များကို စာဖြင့် ရေးမှတ်ထားရမည်။

(၄) အာမခံမပေးနိုင်သော ပြစ်မှုတစ်ရပ်ဖြင့် စွပ်စွဲခံရသူတစ်ဦးကို စစ်ဆေးမှ ပြီးဆုံးပြီးနောက် စီရင်ချက် မချမှတ်မီ မည်သည့်အချိန်တွင်မဆို ထိုစွပ်စွဲခံရသူသည် အဆိုပါ ပြစ်မှုတစ်စုံတစ်ရာကို ကျုးလွန်ခဲ့ခြင်းမရှိကြောင်း ယုံကြည်ရန် သင့်လျော်သော အကြောင်းများ ရှိနေသည်ဟု တရားရုံးက ထင်မြင်လျှင် အကယ်၍ ထိုစွပ်စွဲခံရသူသည် အချုပ်တွင် ရှိနေပါက စီရင်ချက် ချမှတ်သည့်အခါ ထိုသူရောက်ရှိ နားထောင်ရန်အတွက် အာမခံသူများမပါဘဲ ခံဝန်ချုပ် ချုပ်ဆိုစေလျက် ထိုသူကို လွှတ်ပေးရမည်။

( ၅ ) ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ သို့မဟုတ် စက်ရှင်တရားရုံး၊ ထို့ပြင် တစ်ဦးတစ်ယောက်ကို လွှတ်ထားသော အခြား မည်သည့်တရားရုံးကမဆို ဤပုဒ်မအရ လွှတ်ပေးထား သူတစ်ဦး တစ်ယောက်ကို ပြန်ဖမ်းပြီး ချုပ်နှောင်ထားစေနိုင်သည်။