စာချုပ်စာတမ်းတစ်ခုတွင်ပါရှိသည့်အရေးအသားမှာ ထိုအတိုင်းပင် အဓိပ္ပာယ်ရှင်းလင်းနေသည့်ပြင် ထိုအရေးအသားတည်ရှိနေသည့်အကြောင်းခြင်းရာများနှင့်လည်း သက်ဆိုင်ကိုက်ညီနေလျှင် ထိုအရေး အသားသည် အဆိုပါ အကြောင်းခြင်းရာများနှင့်သက်ဆိုင်စေရန်ရည်ရွယ်၍ရေးသားခြင်းမဟုတ်ကြောင်း သက်သေခံတင်ပြခွင့်မရှိ။
ဥပမာ
A သည် “ထားဝယ်မြို့ရှိ ဧက ၁၀၀ ကျယ်ဝန်းသောကျွန်တော်ပိုင်မြေ” ဟုဆိုကာ ထိုမြေကို B အားစာ ချုပ်နှင့်ရောင်းချလိုက်သည်။ ထားဝယ်မြို့တွင်ဧက ၁၀၀ ကျယ်ဝန်းသော A ပိုင်သည့်မြေရှိသည်။ ရောင်းချရန်ရည်ရွယ်ရင်းဖြစ်သည့်မြေသည် အဆိုပါနေရာတွင်မဟုတ်ဘဲအခြားနေရာတွင် တည်ရှိသည့် မြေဖြစ်ကြောင်း၊ အကျယ်အဝန်းမှာလည်းအဆိုပါ အကျယ်အဝန်းအတိုင်းမဟုတ်ကြောင်းသက်သေခံ တင်ပြခွင့်မရှိ။