(၁) ပုဒ်မ၈၇အရ ကြေညာချက်ထုတ်သော တရားရုံးသည် ယင်းသို့ကြေညာချက် ထုတ်ပြန် ခြင်း ခံရသူပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဖြစ်စေ၊ ပစ္စည်းနှစ်မျိုးလုံးကိုဖြစ်စေ မည်သည့်ပစ္စည်းကိုမဆို ဝရမ်းကပ်ရန် အချိန်မရွေး အမိန့် ထုတ်ဆင့်နိုင်သည်။
(၂) ယင်းအမိန့်သည် ထုတ်ပြန်သည့်ခရိုင်အတွင်း ထိုသူပိုင် မည်သည့်ပစ္စည်းကို မဆို ဝရမ်း ကပ်ရန် အခွင့်အာဏာရှိစေရမည်။ ထို့ပြင် ယင်းအမိန့်သည် အဆိုပါခရိုင်၏ပြင်ပတွင် ထိုသူပိုင် မည်သည့် ပစ္စည်းကိုမဆို ယင်းပစ္စည်း တည်ရှိရာခရိုင်ကို စီရင်ပိုင်ခွင့် အာဏာ ရှိသည့် ခရိုင်ရာဇဝတ် တရားသူကြီးက ထပ်ဆင့်ရေးသား၍ လက်မှတ်ရေးထိုးသည့်အခါ ဝရမ်းကပ်ရန် အခွင့်အာဏာ ရှိစေရမည်။
(၃) ဂရမ်းကပ်ရန် အမိန့်ထုတ်ဆင့်သည့် ပစ္စည်းသည် ကြွေးမြီတစ်ရပ်သော်လည်းကောင်း၊ အခြား ရွှေ့ပြောင်းနိုင်သော ပစ္စည်းသော်လည်းကောင်း ဖြစ်လျှင် ဤပုဒ်မအရ ဝရမ်းကပ် ခြင်းကို -
(က) ဖမ်းဆီးသိမ်းယူခြင်းဖြင့် ဖြစ်စေ၊
(ခ) ပစ္စည်းထိန်းတစ်ဦး ခန့်ထားခြင်းဖြင့် ဖြစ်စေ၊
(ဂ) အဆိုပါ ပစ္စည်းကို ကြေညာခြင်းခံရသူအား သို့မဟုတ် ယင်းကိုယ်စား အခြားသူ တစ်ဦးဦးအား မပေးအပ်စေရန် တားမြစ်သော အမိန့်စာဖြင့် ဖြစ်စေ၊
(ဃ) အဆိုပါ နည်းလမ်းအားလုံးဖြင့် ဖြစ်စေ သို့မဟုတ် ယင်းနည်းလမ်းများအနက် နည်း နှစ်နည်းဖြင့် ဖြစ်စေ၊
တရားရုံးက သင့်သည် ထင်မြင်သည့်အတိုင်း ဆောင်ရွက်ရမည်။
(၄) ၀ရမ်းကပ်ရန် အမိန့်ထုတ်ဆင့်သည့် ပစ္စည်းသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်လျှင် အစိုးရအား အခွန်ထမ်းဆောင်နေသော မြေဖြစ်သည့်ကိစ္စ၌ ယင်းမြေတည်ရှိရာ ခရိုင်၏ ကော်လိတ္တော်မှ တစ်ဆင့် ဤပုဒ်မအရ ဝရမ်းကပ်ခြင်းကို ဆောင်ရွက်ရမည်။ ထို့ပြင် အခြားကိစ္စ များတွင် -
( င ) လက်ရောက်သိမ်းယူခြင်းဖြင့် ဖြစ်စေ၊
( စ ) ပစ္စည်းထိန်းတစ်ဦး ခန့်ထားခြင်းဖြင့် ဖြစ်စေ၊
(ဆ) ကြေညာခြင်းခံရသူ သို့မဟုတ် ယင်းကိုယ်စား အခြားသူ တစ်ဦးဦးအား အခွန်အခ ပေးခြင်းကိုသော်လည်းကောင်း၊ ပစ္စည်းပေးအပ်ခြင်းကို သော်လည်းကောင်း တားမြစ်သည့် အမိန့်စာ ဖြင့်ဖြစ်စေ၊
(ဇ) အဆိုပါ နည်းလမ်းအားလုံးဖြင့် ဖြစ်စေ၊ ယင်းနည်းလမ်းများအနက် နှစ်နည်းဖြင့် ဖြစ်စေ တရားရုံးက သင့်သည် ထင်မြင်သည့်အတိုင်း ဆောင်ရွက်ရမည်။
(၅) ဝရမ်းကပ်ရန် အမိန့်ထုတ်ဆင့်သည့် ပစ္စည်းများတွင် ကျွဲ၊ နွားတိရစ္ဆာန် သော် လည်းကောင်း၊ ပျက်စီးယိုယွင်းလွယ်သည့် ပစ္စည်းသော်လည်းကောင်း ပါဝင်လျှင် တရားရုံးသည် လျော်ကန်သင့်မြတ်သည် ထင်မြင်သည့်အတိုင်း ယင်းပစ္စည်းကို ချက်ချင်း ရောင်းချစေရန် အမိန့်ထုတ်ဆင့် နိုင်သည်။ ထိုသို့ ရောင်းချ၍ ရရှိသောငွေကို တရားရုံး၏ အမိန့်အတိုင်း စီမံခန့်ခွဲရမည်။
(၆) ဤပုဒ်မအရ ခန့်ထားသော ပစ္စည်းထိန်းတစ်ဦး၏ အခွင့်အာဏာတာဝန်နှင့် ဝတ္တရား များသည် တရားမကျင့်ထုံးဥပဒေအရ ခန့်ထားသည့် ပစ္စည်းထိန်းတစ်ဦး၏ အခွင့်အာဏာ၊ တာဝန်ဝတ္တရား များနှင့် ထပ်တူဖြစ်စေရမည်။
(၆-က)ကြေညာခြင်းခံရသူမှတစ်ပါး အခြားသူတစ်ဦးဦးက ဤပုဒ်မအရ ဝရမ်းကပ်သည့် ပစ္စည်း တစ်စုံတစ်ရာတွင် မိမိအကျိုးခံစားခွင့်ရှိကြောင်း ထို အကျိုးခံစားခွင့်ကို ဤပုဒ်မ အရ ဝရမ်းမကပ်ထိုက်ကြောင်းဖြင့် ဝရမ်းကပ်သည့်နေ့မှ ခြောက်လအတွင်း တောင်းဆို ခြင်း သို့မဟုတ် ကန့်ကွက်ခြင်းအပေါ် စုံစမ်းစစ်ဆေးရာတွင် ထို့နောက် တောင်းဆိုချက် သို့မဟုတ် ကန့်ကွက်ချက်များ အားလုံးကိုဖြစ်စေ၊ တစ်ချို့တစ်ဝက်ကိုဖြစ်စေ ခွင့်ပြုနိုင် သည် သို့မဟုတ် ငြင်းပယ်နိုင်သည်။
သို့ရာတွင် ဤပုဒ်မခွဲအရ ခွင့်ပြုထားသည့်အချိန်အတွင်း သို့မဟုတ် ကန့်ကွက်ထားစဉ် တောင်းဆိုသူ သို့မဟုတ် ကန့်ကွက်သူသေဆုံးခဲ့သော် ထိုသူ၏ တရားဝင်ကိုယ်စားလှယ် က ဆက်လက်ဆောင်ရွက်နိုင်သည်။
(၆-ခ) ပုဒ်မခွဲ (၆-က) အရ တောင်းဆိုချက် သို့မဟုတ် တောင်းဆိုချက်ကို ဝရမ်း ထုတ်သော တရားရုံးတွင် တင်ပြနိုင်သည်။ အကယ်၍ တောင်းဆိုချက် သို့မဟုတ် ကန့်ကွက်ချက် သည် ပုဒ်မခွဲ (၂) ပါ ပြဋ္ဌာန်းချက်များအရ ခရိုင်ရာဇဝတ်တရားသူကြီး တစ်ဦးက ထပ်ဆင့် လက်မှတ်ရေးထိုးသော အမိန့်ဖြင့် ဝရမ်းကပ်ထားသည့် ပစ္စည်းနှင့် စပ်လျဉ်းပါက တောင်းဆိုချက် သို့မဟုတ် ကန့်ကွက်ချက်ကို အဆိုပါ ခရိုင်ရာဇဝတ် တရားသူကြီး၏ ရုံးတွင် တင်ပြနိုင်သည်။
(၆-ဂ)အဆိုပါတောင်းဆိုချက် သို့မဟုတ် ကန့်ကွက်ချက်တိုင်းကို ယင်းကန့်ကွက်ချက် သို့မဟုတ် တောင်းဆိုချက်ကို လက်ခံရရှိသည့်တရားရုံးက စုံစမ်းစစ်ဆေးရမည်။ သို့ရာတွင် တောင်းဆို ချက် သို့မဟုတ် ကန့်ကွက်ချက်ကို ခရိုင်ရာဇဝတ် တရားသူကြီး တစ်ဦး၏ ရုံးသို့ တင်ပြပါက ထို ခရိုင်ရာဇဝတ် တရားသူကြီး က မိမိလက်အောက်ရှိပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီး တစ်ဦးဦးသို့ ဆောင်ရွက်စေရန် လွှဲပြောင်း ပေးနိုင်သည်။
(၆-ဃ)ပုဒ်မခွဲ (၆-က) အရ ချမှတ်သော အမိန့်ဖြင့် တစ်ဦးဦး၏ တောင်းဆိုချက် သို့မဟုတ် ကန့်ကွက်ချက် အားလုံးကိုဖြစ်စေ၊ တချို့တစ်ဝက်ကိုဖြစ်စေ ငြင်းပယ်ခံရလျှင် ထိုအမိန့် ချမှတ်သည့်နေ့မှ တစ်နှစ်အတွင်း အငြင်းပွားသည့် ပစ္စည်းနှင့် စပ်လျဉ်း၍ မိမိတောင်းဆို သည့် အခွင့်အရေးရရှိရန် တရားမမှု စွဲဆိုနိုင်သည်။ သို့သော် အဆိုပါ တရားမမှုတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာရှိခဲ့လျှင် ထိုဆုံးဖြတ်ချက်နှင့် မဆန့်ကျင်စေဘဲ ထိုအမိန့်သည် အပြီးသတ် ဖြစ်စေရမည်။
(၆-င)ကြေညာခြင်းခံရသူသည် ကြေညာချက်တွင် သီးခြားဖော်ပြထားသည့် အချိန်အတွင်း ရောက်ရှိလာလျှင် တရားရုံးသည် ပစ္စည်းကို ဝရမ်းကပ်ထားခြင်းမှ ဝရမ်းခွာကြောင်း အမိန့်ချ မှတ်ပေးရမည်။
(၇) ကြေညာခြင်းခံရသူသည် ကြေညာချက်တွင် သတ်မှတ်ထားသည့် အချိန်အတွင်း မရောက်ရှိ ခဲ့လျှင် ဝရမ်းကပ်ထားသည့် ပစ္စည်းကို အစိုးရက စီမံခန့်ခွဲခွင့်ရှိစေရမည်။ သို့သော် ဝရမ်းကပ်သည့် နေ့ရက်မှ ခြောက်လ မကုန်မီနှင့် ပုဒ်မခွဲ ( ၆-က ) အရ ပြုလုပ်သည့် တောင်းဆိုချက် သို့မဟုတ် ကန့်ကွက်ချက် တစ်စုံတစ်ရာကို ယင်းပုဒ်မခွဲ အရ ဆောင်ရွက်ခြင်း မပြုမီ ဝရမ်းကပ်ထားသည့် ပစ္စည်းကို မရောင်းချစေရ၊ သို့သော်လည်း ပစ္စည်းသည် အလျင်အမြန်နှင့် သဘာဝအလျောက် ပျက်စီးယိုယွင်း မည်ဖြစ်လျှင် သို့မဟုတ် ထိုပစ္စည်းကို ရောင်းချခြင်းက ပိုင်ရှင်အဖို့ အကျိုးရှိစေရမည်ဟု တရားရုံးက ယူဆလျှင် တရားရုံးသည် ထိုကိစ္စနှစ်ရပ်စလုံး၌ မိမိသင့်သည် ထင်မြင်သည့် အချိန်တွင် ထိုပစ္စည်းကို ရောင်းချစေနိုင်သည်။