(၁) ဤအခန်းအရ စုံစမ်းထောက်လှမ်းခြင်း ပြုလုပ်သည့် ရဲအရာရှိတိုင်းသည် စုံစမ်း ထောက်လှမ်းရာ၌ မိမိ၏ဆောင်ရွက်ချက်များကို နေ့စဉ်မှတ်တမ်း၌ နေ့စဉ်ထည့်သွင်း ရေးမှတ်ရမည်။ မိမိတ်သတင်းရောက်သည့်အချိန်၊ မိမိစုံစမ်းထောက်လှမ်းခြင်းကို စတင် ပြုလုပ်သည့် အချိန်နှင့် ပိတ်သိမ်းသည့်အချိန်၊ မိမိသွားရောက်သည့်နေရာ သို့မဟုတ် နေရာများနှင့် မိမိစုံစမ်း ထောက်လှမ်းခြင်းမှ သိရှိရသော အကြောင်းခြင်းရာများကို နေ့စဉ်မှတ်တမ်း၌ ဖော်ပြရမည်။
(၂) မည်သည့် ရာဇဝတ်တရားရုံးမဆို မိမိရုံး၌ စုံစမ်းစစ်ဆေးနေသော သို့မဟုတ် စစ်ဆေးစီရင် နေသောအမှုနှင့် သက်ဆိုင်သည့် ရဲအမှု နေ့စဉ်မှတ်တမ်းများကို တောင်းခေါ်နိုင်သည်။ ယင်း ရဲနေ့စဉ်မှတ်တမ်းများကို အမှုတွင် သက်သေခံချက်အဖြစ် မဟုတ်ဘဲ အဆိုပါ စုံစမ်းစစ်ဆေးမှု သို့မဟုတ် စစ်ဆေးစီရင်မှု၌ အထောက်အကူအဖြစ် အသုံးပြုနိုင်သည်။ တရားခံကဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်များကဖြစ်စေ အဆိုပါ နေ့စဉ်မှတ်တမ်းများကို တောင်းခေါ်ပိုင်ခွင့်မရှိစေရ။ အဆိုပါ နေ့စဉ် မှတ်တမ်းများကို တရားရုံးက ရည်ညွှန်း ကြည့်ရှုရုံမျှဖြင့် တရားခံ သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်များတွင် ကြည့်ပိုင်ခွင့် မရှိစေရ။ သို့သော် ရေးမှတ်ခဲ့သည့် ရဲအရာရှိက မိမိပြန်လည်သတိရအောင် ယင်း နေ့စဉ်မှတ်တမ်း များကို အသုံးပြုလျှင်ဖြစ်စေ၊ အဆိုပါ ရဲအရာရှိအား ဆန့်ကျင်မေးမြန်းရန်အတွက် တရားရုံးက ထိုနေ့စဉ်မှတ်တမ်းများကို အသုံးပြုလျှင်ဖြစ်စေ သက်သေခံအက်ဥပဒေ ပုဒ်မ ၁၆၁ သို့မဟုတ် ပုဒ်မ ၁၄၅ ပါ သက်ဆိုင်ရာရာ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်စေရမည်။