ပုဒ်မ ၁၃၄
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပခြင်း
(က) ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်နေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ကိုဖြစ်စေ၊ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် သို့မဟုတ် ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးသို့ တက်ရောက် နေသော ပုဂ္ဂိုလ်တစ်ဦးကို ဖြစ်စေ ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသောအ ထောက်အထားကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ၊
(ခ) ပြည်သူ့လွှတ်တော် ကော်မတီတစ်ရပ်ရပ်၏ အစည်းအဝေးတွင်သော်လည်းကောင်း၊ ပြည်သူ့ လွှတ်တော်ကဖွဲ့စည်းသော ကော်မရှင် သို့မဟုတ် အဖွဲ့တစ်ခုခု၏ အစည်းအဝေး တွင်သော်လည်းကောင်း အစည်းအဝေး တက်ရောက်နေသည့် ယင်းကော်မတီ၊ ကော်မရှင်သို့မဟုတ် အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသော အထောက်အထားကို သက်ဆိုင်ရာကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့၏ အကြီးအမှူးမှတစ်ဆင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ၊
(ဂ) ပြည်သူ့လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော်ကော်မတီ သို့မဟုတ် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းသောကော်မရှင်နှင့် အဖွဲ့အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ဖမ်းဆီးပါက ထိုသို့ ဖမ်းဆီးခြင်းနှင့် စပ်လျဉ်းသည့် ခိုင်လုံသောအထောက်အထားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ဆောလျင်စွာ တင်ပြရမည်။