သက်သေတစ်ဦး၏အကျင့်စာရိတ္တကို ညိုးနွမ်းစေခြင်းဖြင့် ယင်းအပေါ်ယုံကြည်မှုကိုထိခိုက်စေရုံ မျှသာ စုံစမ်းစစ်ဆေးဆဲ အမှုနှင့် စပ်ဆိုင်သော မေးခွန်းတစ်ခုခုကိုမေးမြန်း၍ ထိုသက်သေကလည်း ဖြေ ဆိုပြီးဖြစ်လျှင် ထိုသက်သေ၏ဖြေဆိုချက်ကို ဆန့်ကျင်၍ မည်သည့်သက်သေခံချက်ကိုမျှ မတင်ပြရ။ သို့ ရာတွင် သက်သေက မမှန်မကန်ဖြေဆိုလျှင် မမှန်သက်သေခံမှုဖြင့် နောက်မှထိုသက်သေအားတရားစွဲ ဆိုနိုင်သည်။
ခြွင်းချက် (၁) ။ သက်သေတစ်ဦးအား ယခင်ကပြစ်မှုထင်ရှားစီရင်ခံရဖူးခြင်းရှိ မရှိ မေးမြန်း၍ ထိုသက်သေက ထိုသို့မခံရဖူးကြောင်းဖြင့် ငြင်းဆိုလျှင်ထိုသက်သေအား ယခင်ကပြစ်မှုထင်ရှား စီရင်ခဲ့ဖူး ကြောင်း သက်သေခံတင်ပြနိုင်သည်။
ခြွင်းချက် (၂) ။ သက်သေတစ်ဦး ဘက်လိုက်နေသည်ဟူ၍စွပ်စွဲနိုင်ရန်ထိုသက်သေအား အချို့သော အကြောင်းခြင်းရာများကိုထုတ်ဖော် မေးမြန်း၍ ထိုသက်သေက ထိုအကြောင်းခြင်းရာများကိုငြင်းဆို ဖြေကြားလျှင် ထိုသက်သေအား ထိုဖြေကြားချက်နှင့်စပ်လျဉ်း၍ ဆန့်ကျင်မေးမြန်းခြင်း၊ သက်သေခံ တင်ပြခြင်းပြုနိုင်သည်။
ဥပမာများ
(က) အာမခံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးအပေါ် ငွေရလိုကြောင်း တရားစွဲဆိုရာ လိမ်လည်တောင်းဆို သည်ဟု ခုခံချေဆိုသည်။
ယခင်က အလုပ်ကိစ္စ ဆောင်ရွက်ခဲ့ရာတွင် လိမ်လည်၍ တောင်းဆိုဖူးခြင်း ရှိ မရှိ ထိုတောင်းဆိုသူအားမေးမြန်းရာ ယင်းကထိုသို့လိမ်လည်တောင်းဆိုဖူးခြင်းမရှိဟုငြင်းဆိုသည်။
ထိုသူယခင်က ထိုသို့လိမ်လည်၍တောင်းဆိုဖူးကြောင်းပြရန် သက်သေခံချက်ကိုတင်ပြလိုသည်။
ထိုသက်သေခံချက်မှာ သက်သေခံမဝင်။
(ခ) မရိုးမဖြောင့်ခြင်းကြောင့် အလုပ်မှ ထုတ်ပယ်ခြင်းခံရဖူးသည် မဟုတ်လောဟု သက်သေအားမေး မြန်းရာ ထိုသက်သေက ထိုသို့အလုပ်မှ ထုတ်ပယ်ခြင်းမခံရဖူးကြောင်းငြင်းဆိုသည်။
ထိုသူသည် မရိုးမဖြောင့်ခြင်းကြောင့် အလုပ်မှ ထုတ်ပြစ်ခြင်းခံရဖူးကြောင်းကိုပြရန်သက်သေခံချက်တင် ပြလိုသည်။
ထိုသက်သေခံချက်မှာ သက်သေခံမဝင်။
(ဂ) A က နေ့ရက်တစ်ရက်တွင် B ကိုမန္တလေးမြို့၌ တွေ့မြင်ခဲ့ကြောင်းအခိုင်အမာပြောဆိုသည်။
A အားထိုနေ့ရက်တွင်ရန်ကုန်မြို့၌ ရှိ မရှိ မေးမြန်းရာ A ကမရှိကြောင်း ငြင်းဆိုသည်။
ထိုနေ့ရက်တွင် ရန်ကုန်မြို့၌ A ရှိကြောင်းကိုပြရန် သက်သေခံချက် တင်ပြလိုသည်။
ဤသက်သေခံချက်သည် သက်သေခံဝင်သည်။
ထိုသို့ သက်သေခံဝင်ခြင်းမှာ A အားယုံကြည်ထိုက်ခြင်းနှင့် သက်ဆိုင်သည့် အကြောင်းခြင်းရာကို ဆန့် ကျင်သည့်အနေဖြင့် မဟုတ်ဘဲ B ကိုထိုနေ့ရက်တွင်မန္တလေးမြို့၌ တွေ့မြင်ခဲ့သည် ဆိုသော အကြောင်း ခြင်းရာကို ဆန့်ကျင်သည့်အနေဖြင့် သက်သေခံဝင်ခြင်းဖြစ်သည်။
အထက်အမှုအသီးသီးတွင်သက်သေ၏ငြင်းဆိုချက်သည် မဟုတ်မမှန် ခဲ့လျှင် ယင်းသက်သေအား မမှန် သက်သေခံမှုဖြင့်တရားစွဲဆိုနိုင်သည်။
(ဃ) B အပေါ်တွင်သက်သေခံနေသော A အားယင်း၏ မိသားစုနှင့် B ၏မိသားစုတို့ဆွေစဉ်မျိုးဆက် ရန်ငြိုးရန်စ ရှိမရှိမေးမြန်းရာ A ကထိုသို့ ရန်ငြိုးရန်စ မရှိကြောင်းငြင်းဆိုသည်။
ဤမေးခွန်းမှာ သူသည်တစ်ဖက်သို့ဘက်လိုက် ငဲ့ညှာနေကြောင်းဖော်ထုတ်၍ မေးသော မေးခွန်းဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့်သူ့အားယင်း၏ ငြင်းဆိုချက်နှင့်စပ်လျဉ်း၍ ဆန့်ကျင်မေးမြန်းနိုင်သည်။