ပုဒ်မ ၅၃၉-က
ပုဒ်မ ၅၃၉-က
ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အကျင့်စာရိတ္တထင်းရှားစေရန် ပြုလုပ်သည့် ကျမ်းကျိန်လွှာ

(၁) ဤဥပဒေအရ စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု၊ သို့မဟုတ် အခြားမှုခင်း ကိစ္စတစ်စုံတစ်ရာ ဆောင်ရွက်နေစဉ် တရားရုံးတစ်ရုံးရုံးသို့ လျှောက်လွှာတစ်စုံတစ်ရာ တင်သွင်းရာတွင် ထိုလျှောက်လွှာ၌ ပြည်သူ့ဝန်ထမ်းတစ်ဦးတစ်ယောက်နှင့်ပတ်သက်၍ စွပ်စွဲချက်များ ပါရှိသည့်အခါ လျှောက်ထားသူသည် လျှောက်လွှာပါ စွပ်စွဲချက်များကို ကျမ်းကျိန်လွှာ တင်သွင်း၍ သက်သေခံနိုင်သည်။ ထို့ပြင် တရားရုံးက သင့်သည်ထင်မြင်လျှင် ဆိုခဲ့သည့်အကြောင်း ခြင်းရာများနှင့် စပ်လျဉ်းသည့်သက်သေခံချက်ကို ဆိုခဲ့သည့်အတိုင်း တင်သွင်းစေရန် အမိန့်ချမှတ်နိုင်သည်။

တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် မှတစ်ပါး မည်သည့်တရားရုံးရှေ့တွင်မဆို ဤပုဒ်မအရ အသုံးပြုရန်ဖြစ်သည့် ကျမ်းကျိန်လွှာကို ပုဒ်မ ၅၃၉ တွင် သတ်မှတ်ထားသည့် နည်းလမ်းဖြင့်ဖြစ်စေ၊ ရာဇဝတ်တရားသူကြီးတစ်ဦးဦးရှေ့တွင်ဖြစ်စေ ကျမ်းကျိန်ခြင်း၊ သို့မဟုတ် ကတိသစ္စာပြုခြင်း ပြုလုပ်နိုင်သည်။

ဤပုဒ်မအရ ပြုလုပ်သည့် ကျမ်းကျိန်လွှာများသည် ကျမ်းကျိန်ဆိုသူကိုယ်တိုင် သိရှိထင်ရှားအောင် ပြုလုပ်နိုင်သော အကြောင်းခြင်းရာများနှင့် မှန်ကန်သည်ဟု မိမိအနေဖြင့် ယုံကြည်ရန်အကြောင်းရှိသည့် အကြောင်းခြင်းရာများနှင့်သာ သက်ဆိုင်စေရမည့်အပြင် ၎င်းတို့ကို တစ်သီးတခြား ထွက်ဆိုစေရမည်။ မှန်ကန်သည်ဟု မိမိအနေဖြင့် ယုံကြည်ရန် အကြောင်းရှိသည့် အကြောင်း ခြင်းရာများနှင့် ပတ်သက်လျှင် ကျမ်းကျိန်ဆိုသူက ထိုကဲ့သို့ ယုံကြည်ရသည့် အကြောင်းများကို ရှင်းရှင်းလင်းလင်း ဖော်ပြရမည်။

(၂) ကျမ်းကျိန်လွှာတွင် ဂုဏ်သိက္ခာကိုထိခိုက်စေသော အကြောင်းအရာများနှင့် စပ်ဆိုင်ခြင်းမရှိသည့် အကြောင်းအရာများပါရှိနေလျှင် ၎င်းတို့ကို နုတ်ပယ်စေရန်၊ သို့မဟုတ် ပြင်ဆင်စေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည်။