ပုဒ်မ ၁၆၂
ပုဒ်မ ၁၆၂
ရဲထွက်ဆိုချက်များကို လက်မှတ်မရေးထိုးရခြင်း၊ အဆိုပါ ထွက်ဆိုချက်များကို သက်သေခံချက်အဖြစ် အသုံးပြုခြင်း

(၁) ဤအခန်းအရ စုံစမ်းထောက်လှမ်းနေစဉ်တွင် ရဲအရာရှိ တစ်ဦးထံပေးသော မည်သူ တစ်ဦး တစ်ယောက်၏ အစစ်ခံချက်ကိုမျှ စာဖြင့်ရေးယူလျှင် အစစ်ခံသူက လက်မှတ် ရေးထိုးခြင်း မပြုရ။ အဆိုပါ အစစ်ခံချက်ကို ဖြစ်စေ၊ ရဲနေ့စဉ်မှတ်တမ်း၌ ရေးမှတ်ထားချက် သို့မဟုတ် အခြားနည်းဖြင့် ရေးမှတ်ထားချက်ကိုဖြစ်စေ၊ အဆိုပါ အစစ်ခံချက် သို့မဟုတ် ရေးမှတ် ထားချက်၏ အစိတ်အပိုင်းကိုဖြစ်စေ အောက်တွင် ပြဋ္ဌာန်းထားသည်မှလွဲ၍ ယင်း အစစ်ခံချက် ပေးသည့် အချိန်က မေးမြန်းစုံထောက်နေသော ပြစ်မှုတစ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု သို့မဟုတ် စစ်ဆေးစီရင်မှု၌ သက်သေခံချက်အဖြစ် အသုံးမပြုစေရ။ သို့ရာတွင် အထက်တွင်ဖော်ပြပါရှိသည့်အတိုင်း အစစ်ခံချက်ကို စာဖြင့်ရေးမှတ်ထားသော မည်သည့်သက်သေခံကိုမဆို အဆိုပါ စုံစမ်းစစ်ဆေးမှု သို့မဟုတ် စစ်ဆေးစီရင်မှုတွင် တရားလိုဘက်မှ ဖြစ်စေ၊ တရားခံဘက်မှဖြစ်စေ ခေါ်ယူသောအခါ ထိုသက်သေ၏ အစစ်ခံချက်ဖြစ်ကြောင်း နည်းလမ်းတကျ ထင်ရှားဖြစ်ခဲ့လျှင် တရားခံဘက်ကဖြစ်စေ၊ တရားလိုဘက်ကဖြစ်စေ သက်သေခံ အက်ဥပဒေပုဒ်မ ၁၄၅ အရ ပြဋ္ဌာန်းထားသော နည်းလမ်းအတိုင်း အဆိုပါသက်သေကို ဆန့်ကျင်ရန်အတွက် သို့မဟုတ် သက်သေခံ အက်ဥပဒေ ပုဒ်မ ၁၅၅ အရ ပြဋ္ဌာန်းထားသော နည်းလမ်းအတိုင်း အဆိုပါ သက်သေကို မယုံကြည်ထိုက်ကြောင်း ပြဆိုရန်အတွက်အသုံးပြုနိုင်သည်။ ၎င်းပြင် အဆိုပါအစစ်ခံချက် ၏ အစိတ်အပိုင်းကို ထိုကဲ့သို့ အသုံးပြုသောအခါ ထိုအစိတ်အပိုင်းကို ပြန်လှန် စစ်မေးရာ၌ ဖြစ်ပေါ်ခဲ့သော အကြောင်းအရာ တစ်စုံတစ်ရာကို ရှင်းလင်းရန်အတွက် ထိုသက်သေ အား ပြန်လည်စစ်မေးရာ၌ အသုံးပြုနိုင်သည်။

(၂) အထက်တွင် ဆိုခဲ့သည့်အတိုင်း အဆိုပါ အစစ်ခံချက်ကို စာဖြင့်ရေးမှတ်ထား ပြီးသောအခါ တရားရုံးသည် တရားခံတောင်းဆိုချက်အရ တရားခံအား အဆိုပါ အစစ်ခံချက်၏ မိတ္တူ တစ်စောင်ကိုပေးရန် ညွှန်ကြားရမည်။ သို့ရာတွင် အဆိုပါ ထွက်ဆိုချက်၏ အစိတ်အပိုင်း တစ်ရပ်ရပ်သည် စုံစမ်းစစ်ဆေးမှု၏ သို့မဟုတ် စစ်ဆေးစီရင်မှု၏ မှုဖြစ်ကြောင်းခြင်းရာနှင့် မစပ်ဆိုင်ဟု ထင်မြင်လျှင် သို့မဟုတ် အဆိုပါထွက်ဆိုချက်၏ အစိတ်အပိုင်းကို တရားခံသို့ ထုတ်ပြခြင်းမှာ တရားမျှတမှုအတွက် မလိုအပ်သည့်အပြင် အများပြည်သူအကျိုး အတွက် လည်း မသင့်လျော်ဟု တရားရုံးက ထင်မြင်လျှင်၊ ထိုကဲ့သို့ ထင်မြင်ချက်ကို (အကျိုး အကြောင်း ဖော်ပြချက်မပါဘဲ) ရေးမှတ်၍ အဆိုပါ ထွက်ဆိုချက်၏ အစိတ်အပိုင်းကို တရားခံအား ပေးသည့် အစစ် မိတ္တူမှ ချန်လှပ်ထားရမည်။

(၃) ဤပုဒ်မပါ မည်သည့်အချက်ကိုမျှ သက်သေခံအက်ဥပဒေ ပုဒ်မ ၂၇ သို့မဟုတ် ပုဒ်မ ၃၂ ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်တို့အတွင်း ကျရောက်သော မည်သည့် ထွက်ဆိုချက်နှင့်မျှ သက်က သည်ဟု မမှတ်ယူစေရ။