ပုဒ်မ ၆၀-က
ပုဒ်မ ၆၀-က
ဗီဒီယို သို့မဟုတ် ရုပ်မြင်သံကြားဆက်သွယ်မှုဖြင့် တိုက်ရိုက် ရယူသည့် သက်သေခံချက်

(၁) ဤအက်ဥပဒေတွင် အခြားနည်းမည်သို့ ပြဌာန်း ထားစေကာမူ မည်သည့် စစ်ဆေးစီရင်မှုတွင်မဆို လူတစ်ဦးတစ်ယောက်သည် တရားရုံး၏ ခွင့်ပြုချက် ဖြင့် ဗီဒီယိုတွေ့ဆုံမှု သို့မဟုတ် ရုပ်မြင်သံကြားဆက်သွယ်မှုတို့ဖြင့်တိုက်ရိုက်သက်သေခံချက် ပြုလုပ်နိုင်သည်-

(က) သက်သေသည် အသက် ၁၆ နှစ်အောက် ဖြစ်လျှင်၊

(ခ) စစ်ဆေးစီရင်သည့်အမှုတွင် ပါဝင်သည့် နှစ်ဖက်အမှုသည်များအကြား သက်သေခံချက်ကို ထိုသို့ရယူရန် အတိအလင်း သဘောတူထားပြီးဖြစ်လျှင်၊ အထူးတလည် ညီညွတ်စွာ သဘောတူခြင်း၊

(ဂ) သက်သေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြင်ပသို့ ရောက်ရှိနေ ခြင်း၊

(ဃ) တရားမျှတမှုရှိစေရန် အလို့ငှာ ထိုသို့ရယူ ရန် လိုအပ်ကြောင်း တရားရုံးက လက်ခံ ကျေနပ်လျှင်၊

(၂) ဤပုဒ်မပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြင်ပတွင် ရောက်ရှိနေသည့် သက်သေတစ်ဦးတစ် ယောက်အား ဗီဒီယို သို့မဟုတ် ရုပ်မြင်သံကြား ဆက်သွယ်မှုဖြင့် သက်သေခံခွင့်ပြုရေးအတွက် စဉ်းစားဆင်ခြင်ရာတွင်၊ တရားရုံးသည် အောက်ဖော် ပြပါ အချက်များပါဝင်သည့် အခြေအနေ အရပ်ရပ် ကို အထောက်အထားပြုရမည် -

(က) သက်သေအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းတွင် သက်သေခံ ထွက်ဆိုရန် မဖြစ်နိုင်သည့် အကြောင်း အချက်များ၊

(ခ) သက်သေအနေဖြင့် သက်သေခံထွက်ဆို ချက်ပေးမည့် အရပ်ဒေသတွင် ပြုလုပ်ထား သည့် အစီအမံများ၊ စီမံဆောင်ရွက်ထားမှု နှင့် နည်းပညာပိုင်းတို့အရ အထောက်အကူ ပြုမှုများ၊

( ဂ ) စစ်ဆေးစီရင်ရာတွင် ပါဝင်သည့် အမှုသည် တစ်ဦးဦးအပေါ် တရားမျှတမှုကင်းမဲ့စွာ ဘက်လိုက်ဆောင်ရွက်မှု ဖြစ်ပေါ် စေခြင်း မှု မရှိ။

(၃) တရားရုံးအနေဖြင့်၊ ပုဒ်မခွဲ (၁)အရ ခွင့်ပြုမိန့်ချမှတ် ရာတွင်၊ အောက်ဖော်ပြပါအချက်များအနက်မှ အားလုံးအပေါ်ဖြစ်စေ၊ တစ်ရပ်ရပ်အပေါ်ဖြစ်စေ အမိန့်တစ်ရပ်ချမှတ်နိုင်သည် -

(က) သက်သေဖြစ်သူအနေဖြင့် သက်သေခံချက် ထွက်ဆိုမည့်အရပ်တွင် မည်သူသည် ရှိနေ စေရမည်ဖြစ်ကြောင်း၊

( ခ) သက်သေဖြစ်သူအနေဖြင့် သက်သေခံချက် ထွက်ဆိုမည့်အရပ်တွင် မည်သူအား ရှိမနေ စေရန် ဖယ်ရှားထားရမည်ဖြစ်ကြောင်း၊

(ဂ) တရားရုံးအတွင်းတွင် သက်သေအား သို့မဟုတ် သက်သေနှင့်တကွ တစ်စုံတစ်ဦး အား မည်သူတို့သည် နားထောင်ရန် သို့မဟုတ် ကြည့်ရှုရန်နှင့် နားထောင်ရန် ခွင့်ပြုကြောင်း၊

(ဃ) တရားရုံးအတွင်းတွင် သက်သေအား သို့မဟုတ် သက်သေနှင့်တကွ တစ်စုံတစ်ဦး အား မည်သူတို့သည် နားထောင်ရန် သို့မဟုတ် ကြည့်ရှုရန်နှင့် နားထောင်ရန် ခွင့်မပြုကြောင်း၊

(င) တရားရုံးအတွင်းတွင် သက်သေအား သို့မဟုတ် သက်သေနှင့်တကွ တစ်စုံတစ်ဦး အား မည်သူတို့သည် မြင်တွေ့ရန်နှင့် အသံ ကြားရန် ခွင့်ပြုကြောင်း၊

(စ) အမိန့်၏ သီးခြားအစိတ်အပိုင်းတစ်ရပ်ရပ် အကျိုးသက်ရောက်မှုရှိစေရန် စစ်ဆေး စီရင်မှု အဆင့်များ၊

(ဆ) ပြည်ထောင်စုတရားသူကြီးချုပ်က သတ် မှတ်ထားသည့် အနိမ့်ဆုံးနည်းပညာပိုင်း ဆိုင်ရာ စံသတ်မှတ်ထားရှိချက်အား လိုက်နာဆောင်ရွက်မှု အပါအဝင် တိုက် ရိုက် ဗီဒီယို သို့မဟုတ် တိုက်ရိုက် ရုပ်မြင် သံကြား ဆက်သွယ်မှုစနစ်အတွက် လုပ်ဆောင်မည့် နည်းလမ်း၊

(ဇ) တရားရုံးအနေဖြင့် တရားမျှတမှန်ကန်စေမှု အတွက် အလေးထားဆောင်ရွက်ရန် လိုအပ်သည်ဟု ထင်မြင်သည့် အခြားအမိန့် တစ်ရပ်ရပ်။

(၄) တရားရုံးအနေဖြင့် ဤပုဒ်မအရ ချမှတ်သည့် မည် သည့်အမိန့်ကိုမဆို ပြန်လည်ရုပ်သိမ်းခြင်း၊ ဆိုင်းငံ့ ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကို အောက်ပါ အခြေအနေများအရ ဆောင်ရွက်ပိုင်ခွင့် ရှိစေရမည်-

(က) ဗီဒီယို တိုက်ရိုက်ရိုက်ကူးမှု သို့မဟုတ် ရုပ်မြင်သံကြား တိုက်ရိုက်လွှင့်ထုတ် ချိတ် ဆက်မှုစနစ် လုပ်ဆောင်ချက်ရပ်တန့်သွားပြီးလျှင်၊လုပ်ငန်းလုပ်ဆောင်မှုစနစ်ပြန်လည်ဆောင်ရွက်လာနိုင်သည်ထိစောင့်ဆိုင်းရန်မှာ နှောင့်နှေးမှု၏ အကျိုး အကြောင်း မခိုင်မာသည့် အကြောင်းရင်းကြောင့် ဖြစ်ပေါ်လျှင်

(ခ) စစ်ဆေးဆဲအမှုမှ အမှုသည်များအတွက် တရားမျှတရေးစီမံဆောင်ရွက်ရန် ခိုင်မာ စေရန်အလို့ငှာ တရားရုံး၏ လိုက်နာကျင့် သုံးအပ်သည့် တာဝန်ဝတ္တရားများအရ ထိုသို့မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည် ဟု ထင်မြင်ယူဆလျှင်၊

( ဂ) တရားရုံးအနေဖြင့် ထိုသို့ဆောင်ရွက်မှသာ သက်သေအနေဖြင့် လူတစ်ဦးတစ်ယောက် သို့မဟုတ် ပစ္စည်းတစ်ခုခုကို တပ်အပ် သေချာစွာ ခွဲခြားပြသနိုင်မည် သို့မဟုတ် စမ်းသပ်စစ်ဆေးမှု တစ်ရပ်ရပ်ကို ကြည့်ရှု နိုင် သို့မဟုတ် စမ်းသပ်စစ်ဆေးနိုင်မည် ဖြစ်လျှင်၊

(ဃ) ကြားနာဆဲ အမှုတွဲ၏ တစ်စိတ်တစ်ပိုင်း သည် တရားရုံး၏ ပြင်ပတွင်ဆောင်ရွက်နေ ခြင်းဖြစ်သဖြင့် တရားရုံးအနေဖြင့် ထိုသို့ ဆောင်ရွက်ရန် လိုအပ်လျှင်၊ သို့တည်းမဟုတ်

(င) တရားရုံးမှ အမိန့်ချမှတ်ပြီးနောက်ပိုင်း အခြေအနေအရ အဓိကကျသည့် ပြောင်း လဲမှု တစ်ရပ်ရပ်သို့ ဖြစ်ပေါ်လာလျှင်။

(၅) အကယ်၍ ကြားနာဆဲအမှုမှ အမှုသည်များအတွက် တရားမျှတ မှန်ကန်မှုရစေရန် လိုအပ်မှုအရ ထင်ရှား စေခြင်း အလို့ငှာ တရားရုံး၏ တာဝန်ဝတ္တရားများ နှင့် ညီညွတ်မှုမရှိသည့် အမိန့် သို့မဟုတ် ထူးခြား သည့် ဖော်ပြချက်ပါဝင်နေသည့် အမိန့်ကို တရားရုံး အနေဖြင့် ဤပုဒ်မအရ ချမှတ်ခြင်း မပြုရ။

(၆) အမိန့်ထုတ်ဆင့်ထားသည့် စစ်ဆေးစီရင်မှုများတွင် အပြီးသတ်အမိန့်ချမှတ်ခြင်း မပြုမီ အမိန့်ထုတ်ဆင့် ခံရသူနှင့် စပ်လျဉ်း၍ ထိုသူ အသက် ၁၆ နှစ်ပြည့် မြောက်ခဲ့သည့် အချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟူသော အကြောင်းအချက် သက်သက်မျှဖြင့် ဤပုဒ်မအရ ချမှတ်သည့် အမိန့်သည် အကျိုးသက် ရောက်မှုမှ ရပ်စဲခြင်း မရှိစေရ။

(၇) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ ဤပုဒ်မပြဌာန်းထားချက် အရ တိုက်ရိုက် ဗီဒီယို သို့မဟုတ် ရုပ်မြင်သံကြား ဆက်သွယ်မှုဖြင့် သက်သေတစ်ဦးက ပေးသော သက်သေခံချက်သည် ရာဇသတ်ကြီးပါ ပုဒ်မ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၂ဝ၅ နှင့် ၂ဝ၉ ပါ ပြဌာန်းချက် များပါ သက်သေခံချက် ပေးသည့်အတိုင်း စစ်ဆေး စီရင်မှုတွင် ပေးသည့် သက်သေခံချက်များအဖြစ် မှတ်ယူရမည်။

(၈) ဤပုဒ်မပါပြဌာန်းချက်များနှင့်အညီ သက်သေတစ်ဦးက သက်သေခံချက်ပေးရာတွင် အဆိုပါသက်သေ သည် ဤအက်ဥပဒေပြဌာန်းခြင်း၏ ရည်ရွယ်ရင်း အလို့ငှာ တရားရုံး၏ ရှေ့မှောက်တွင် သက်သေခံချက်ပေးခြင်းဖြစ်ကြောင်း။