ပုဒ်မ ၈၈
ပုဒ်မ ၈၈
အထွေထွေ

(က) နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့်ဖြစ်စေ၊ အဂတိလိုက်စားမှုဖြင့်ဖြစ်စေ၊ သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ် ချမှတ်နိုင်သောပြစ်မှုဖြင့်ဖြစ်စေ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိကြောင်း ကော်မရှင်က ကြေညာခြင်းခံရသူသည် ယင်းသို့ကြေညာသည့် နေ့မှစ၍ နောင်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင် ခွင့်မရှိစေရ။

(ခ) ကော်မရှင်က ရွေးကောက်ပွဲတစ်ခုတွင် တရားမဲ့ပြုကျင့်မှုရှိကြောင်း စွပ်စွဲချက်နှင့်စပ်လျဉ်း၍ စစ်ဆေးသည့်အခါ သက်ဆိုင်ရာပါတီ သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်၏ တာဝန်ရှိသူ သို့မဟုတ် ယင်းကိစ္စအလို့ငှာ တာဝန်ပေးအပ်ခံရသူက ကြိုတင်စီစဉ်ထားခဲ့သည့် တရားမဲ့ပြုကျင့်မှု နည်းလမ်း တစ်ခုခုကို သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ ယင်းနည်းလမ်းတစ်ခုခုအတိုင်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ သို့မဟုတ် ဆုံးဖြတ်ချက်ပါ လွှတ်တော်ကိုယ်စားလှယ်လောင်းအား ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် လွှတ်တော်သက်တမ်းနှင့် နောက်လာမည့် လွှတ်တော်သက်တမ်းနှစ်ခုအတွက် ကျင်းပသည့်ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ။

(ဂ) အခန်း (၁၃) ပါ ပြစ်မှုတစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတော့ကြောင်း ကော်မရှင်က ကြေညာခြင်းခံရသူသည် ယင်းသို့ကြေညာသည့်နေ့မှစ၍ ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် လွှတ်တော်သက်တမ်းနှင့် နောက်လာမည့် လွှတ်တော်သက်တမ်းတစ်ခုအတွက် ကျင်းပသည့်ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ။

(ဃ) ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့မှအပ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ပုဒ်မ ၇၄ ပုဒ်မခွဲ(ခ) သို့မဟုတ် ပုဒ်မ ၇၅ ပုဒ်မခွဲ (ခ) အရ ကော်မရှင်က နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာခြင်းခံရသူသည်လည်းကောင်း၊ သတ်မှတ်ထားသည့်အတိုင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန်ပျက်ကွက်သဖြင့် အရည်အချင်းပျက်ယွင်းသည်ဟု ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ခံရပြီး ကော်မရှင်က အရည်အချင်းပျက်ယွင်းသူဟု ကြေညာခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်သည်လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ် ကျခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတော့ကြောင်း ကော်မရှင်က ကြေညာခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်သည်လည်းကောင်း ယင်းသို့ကြေညာသည့်နေ့မှစ၍ ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် လွှတ်တော်သက်တမ်းအတွင်း ကျင်းပသည့် ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိစေရ။