ပုဒ်မ ၂၃၂
ပုဒ်မ ၂၃၂
အရေးပါသော မှားယွင်းချက်မှာ မည်သို့ဖြစ်ရခြင်း

(၁) မည်သည့်အယူခံတရားရုံး၊ သို့မဟုတ် ပြင်ဆင်မှုအာဏာကို သုံးစွဲရသည့် သို့မဟုတ် အခန်း ၂၇ အရ အာဏာများကိုသုံးစွဲရသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကမဆို၊ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူ တစ်ဦးတစ်ယောက်သည် စွဲချက် တစ်စုံတစ်ရာမရှိခြင်း၊ သို့မဟုတ် စွဲချက်တွင် မှားယွင်းသည့်အချက်ကြောင့် ၎င်း၏ခုခံထုချေမှုတွင် လွဲမှားခဲ့သည်ဟု ထင်မြင်ယူဆလျှင် တရားရုံးသည် မိမိသင့်သည်ထင်မြင်သောနည်းလမ်းအတိုင်း ပြုလုပ်ပေးသည့် စွဲချက်တစ်ရပ်ဖြင့် အမှုကိုအသစ်ထပ်မံစစ်ဆေးစီရင်ရန် ညွှန်ကြားရမည်။

(၂) အကယ်၍ အမှုဖြစ်အကြောင်းခြင်းရာများမှာ သက်သေ ထင်ရှားသည့် အကြောင်းခြင်းရာများကိုထောက်ရှု၍ တရားအပေါ်တွင် ခိုင်မာလုံလောက်သည့် စွဲချက် တစ်စုံ တစ်ရာ မတင်နိုင်သည့် အကြောင်းအရာများဖြစ်ကြောင်းဖြင့် တရားရုံးကထင်မြင်ယူဆလျှင် ပြစ်မှုထင်ရှား စီရင်ထားခြင်းကို ပယ်ဖျက်ရမည်။

ဥပမာ

A မှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၉၆ အရ ပြစ်မှုတစ်ရပ်နှင့် ပြစ်မှုထင်ရှားစီရင် ခြင်းခံရသည်တွင် စွဲချက်၌ A သည် လာဘ်ယူ၍ ဟုတ်မှန်သည့်အနေဖြင့် အသုံးပြုခဲ့သည့် သက်သေခံချက်၊ သို့မဟုတ် အသုံးပြုမည်ဟု အားထုတ်ခဲ့သည့် သက်သေခံချက်သည် မမှန်ကြောင်း၊ သို့မဟုတ် ဖန်တီးထားသည့်သက်သေခံချက်ဖြစ်ကြောင်း A သိခဲ့သည်ဟုဖော်ပြရန် ကျန်ရစ်ခဲ့သည်။ A သည် ယင်းကဲ့သို့ သိတန်ရာသည့်လက္ခဏာရှိကြောင်း၊ ထို့ပြင် ယင်းကဲ့သို့ သိရှိခဲ့ကြောင်း စွဲချက်၌မဖော်ပြဘဲ ချန်လှပ်ထားခဲ့ခြင်းကြောင့် A က ခုခံထုချေရာတွင် လွဲမှားခဲ့သည်မှာ ဖြစ်နိုင် သည်ဟု တရားရုံးကထင်မြင်လျှင် စွဲချက်ကိုပြင်ဆင်၍ ၎င်းစွဲချက်အရ ၎င်းအမှုကို အသစ်ပြန်လည် စစ်ဆေးစီရင်ရန် ညွှန်ကြားရမည်။ သို့သော် A သည် အမှုအခြင်းအရာများကို သိမည့်လက္ခဏာ မရှိကြောင်း အမှု၌ ပေါ်ပေါက်လျှင် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ရမည်။