ပုဒ်မ ၁၉
ပုဒ်မ ၁၉
အမှုသည်တစ်ဦးဦးကိုဆန့်ကျင်စေမည့် သက်သေထင်ရှားအဖြစ်မိမိတို့၏ အနေအထားကို သက်သေတူရမည့်သူတို့၏ဝန်ခံချက်များ

တရားမမှုတွင် အမှုသည်ဖြစ်နေသူတစ်ဦးဦးကို ဆန့်ကျင်စေသည့်သက်သေထင်ရှားအဖြစ် အခြား သူတို့၏အနေအထား သို့မဟုတ် တာဝန်ရှိမှုကို သက်သေထူရန်လိုအပ်သည့်အခါထိုအခြားသူတို့၏ ထွက်ဆိုချက်များသည်ယင်းတို့ကစွဲဆိုသော သို့မဟုတ် ယင်းတို့အားစွဲဆိုသောတရားမမှုရှိပါက ထိုအမှု တွင် အဆိုပါအနေအထား သို့မဟုတ် တာဝန်ရှိမှုနှင့်စပ်လျဉ်း၍ ယင်းတို့ကိုဆန့်ကျင်စေမည့် စပ်ဆိုင်သော အချက်များဖြစ်သည့်ပြင် ယင်းတို့သည် အဆိုပါအနေအထား သို့မဟုတ် အဆိုပါတာဝန်လက်ရှိဖြစ်နေ ခိုက် ထိုသို့ထွက်ဆိုခြင်းဖြစ်လျှင်၊ အဆိုပါထွက်ဆိုချက်များသည်ဝန်ခံချက်များဖြစ်သည်။

ဥပမာများ

A သည် B အတွက်ငှားရမ်းခများကို ကောက်ခံပေးရန်တာဝန်ယူသည်။

C ထံမှ B ရရန်ရှိသော ငှားရမ်းခများကိုကောက်ခံခြင်းမပြုဟု B က A ကိုတရားစွဲသည်။

C သည် B သို့ငှားရမ်းခပေးရန်မရှိကြောင်း A ကငြင်းဆိုသည်။

C က B သို့ငှားရမ်းခပေးရန်ရှိကြောင်း C ၏ပြောဆိုချက်သည်ဝန်ခံချက်ဖြစ်၍၊ C သည် B သို့ငှားရမ်း ခပေးရန် မရှိကြောင်း A ကငြင်းဆိုလျှင် အဆိုပါ C ၏ပြောဆိုချက်သည် A အပေါ်တွင် စပ်ဆိုင်သော အကြောင်းခြင်းရာဖြစ်သည်။