(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် -
(၁) ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်၊
(၂) လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို တောင်းခံရမည်၊
(၃) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ထံမှ ယင်းတို့၏ ဥက္ကဋ္ဌအမည်စာရင်းကို ရယူရမည်၊
(၄) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိတိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက် ရန်အတွက် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံမှရယူရမည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းကို စုစည်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူ ရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့်ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးဖြစ်သည့် ပုဂ္ဂိုလ်များကို သော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ၏ အမည်စာရင်းနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းပါပုဂ္ဂိုလ်များကိုသော်လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြရမည်၊
(စ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြလာသည့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေး ရမည်။ ထိုသို့ခန့်အပ်တာဝန်ပေးရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး တစ်ဦးချင်းအလိုက် တာဝန်ယူရမည့် ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာနများကို သက်ဆိုင်ရာဝန်ကြီးချုပ်နှင့် ညှိနှိုင်းလျက် သတ်မှတ်ပေးရမည်၊
(ဆ) နိုင်ငံတော်သမ္မတသည်-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများအား သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရေးရာများကို ဆောင်ရွက်ရန်တာဝန်ပေးအပ်ရမည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာများကိုဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်။
(ဇ) သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌ အားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိတိုင်းရင်းသား လူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်အားလည်း ကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးရာတွင် နိုင်ငံတော်သမ္မတ သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် အသက်ကန့်သတ် ချက်ကို လျော့ပေါ့ပေးရမည်၊
(ဈ) နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်နှင့်ညှိနှိုင်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ ဝန်ကြီးများအားလည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး များအားလည်းကောင်း အခြားဝန်ကြီးဌာန တာဝန်များကိုလည်း ပူးတွဲတာဝန်ပေးအပ်နိုင်သည်၊
(ည) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာတာဝန်များ မှအပ အခြားတာဝန်များအတွက် တပ်မတော်သားများအားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်းတောင်းခံ၍ ယင်းအမည်စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရယူလျက် နိုင်ငံတော်သမ္မတထံ တင်ပြရမည်၊
(ဋ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သို့လည်း ကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့လည်းကောင်း အကြောင်းကြားရမည်၊
(ဌ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်။
(ဍ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်၊
(ဎ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း များနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသော တပ်မတော်သား များသည် တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလို။