ပုဒ်မ ၃၀၂
ပုဒ်မ ၃၀၂
ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား စွပ်စွဲပြစ်တင်ခြင်း

(က) နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်များသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် -

(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊

(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊

(၄) ပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်း ပျက်ယွင်းခြင်း၊

(၅) ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။

(ခ) နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ရန်လိုအပ်ပါက -

(၁) မိမိ၏ စွပ်စွဲချက်ကို ပြည်ထောင်စုလွှတ်တော်နာယကထံတင်ပြရမည်၊

(၂) ပြည်ထောင်စုလွှတ်တော်နာယကသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးစေရမည်၊

(၃) စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်ဦးရေ တူညီစွာပါဝင်စေပြီး ယင်းအဖွဲ့ဝင်များထဲမှ သင့်လျော်သူတစ်ဦးဦးကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရမည်၊

(၄) စုံစမ်းစစ်ဆေးရမည့် လုပ်ငန်းပမာဏကို ထောက်ရှု၍ စုံစမ်းစစ်ဆေးမှု ပြီးစီးရမည့် အချိန်ကာလ ကိုလည်း သတ်မှတ်ပေးရမည်၊

(၅) နိုင်ငံတော်သမ္မတသည် မိမိ၏စွပ်စွဲချက်နှင့် စပ်လျဉ်း၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်စေလွှတ်၍သော်လည်းကောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှေ့မှောက်တွင် ရှင်းလင်းတင်ပြ နိုင်သည်။ သက်ဆိုင်ရာအထောက်အထားများနှင့် သက်သေများကိုလည်း တင်ပြနိုင်ခွင့်ရှိသည်၊

(၆) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရသူအား ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊

(၇) စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်ကို တင်ပြလာသည့်အခါ ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်၊

(၈) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍စွပ်စွဲခံရသူသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားသူကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စု လွှတ်တော်နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်၊

(၉) ယင်းသို့ တင်ပြအစီရင်ခံသည့်အခါ နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင် စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးကို ရာထူးမှ ရပ်စဲရ မည်၊

(၁၀) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လျှင် ထိုသို့ဆုံး ဖြတ်ကြောင်းကို ပြည်ထောင်စုလွှတ်တော်နာယကသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။

(ဂ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်ရန် လိုအပ်ပါက-

(၁) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်၊

(၂) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း စုံစမ်းစစ်ဆေးသည့်လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင် နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ် တင်ခြင်းခံရသည့် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအား ရာထူးမှရပ်စဲရမည်၊

(၃) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့်လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ဆုံးဖြတ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။