ပုဒ်မ ၃၂၂
ပုဒ်မ ၃၂၂
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်

(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊

(ခ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့်ဥပဒေ များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ- မရှိ စိစစ်ခြင်း၊

(ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ- မရှိ စိစစ်ခြင်း၊

(ဃ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအချင်းချင်း ဖြစ်ပေါ် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊

(င) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့၏အခွင့်အရေးနှင့်တာဝန်များနှင့်စပ်လျဉ်း၍ပေါ်ပေါက်သည့်အငြင်းပွားမှုများကိုဆုံးဖြတ်ခြင်း၊

(စ) ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ် များကို စိစစ်ဆုံးဖြတ်ခြင်း၊

(ဆ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့်လုပ်ငန်းတာဝန်များ။