ပြုလုပ်မှုတစ်ခုသည် အသက်ငယ်ခြင်း၊ အမြော်အမြင် အဆင်အခြင် မပြည့်စုံသေးခြင်း၊ စိတ်ပေါ့သွပ်ခြင်း၊ မူးယစ်ခြင်း၊ အကြောင်းခြင်းရာ အမှန်မသိခြင်း တစ်ခုခုကြောင့်သာ ထိုပြုလုပ်မှုကို ပြုသူအတွက် ပြစ်မှုမမြောက်သော်လည်း မည်သူမဆို ထိုပြုလုပ်မှုကို တားဆီးရန် ပြစ်မှုမြောက်သော ပြုလုပ်မှု ဖြစ်သကဲ့သို့ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
ဥပမာများ
(က) Z သည် ရူးသွပ်နေခိုက် A ကို သတ်မည်ဟုအားထုတ်၏။ Z ၌ အပြစ်မရှိ။ သို့ရာတွင် Z မရူးသွပ်လျှင် A မှာ ကာကွယ်ခုခံပိုင်ခွင့်ရှိသကဲ့သို့ ဤကိစ္စတွင်လည်း ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
(ခ) A သည် ဥပဒေနှင့်အညီဝင်ခွင့်ရှိသော အိမ်တစ်အိမ်ထဲသို့ ညဉ့်အခါ ဝင်ရောက်၏။ Z က A ကို အိမ်ဖောက်ထွင်းသူဖြစ်မည်ဟု သဘောရိုးနှင့်ထင်၍ A အား အန္တရာယ်ပြု၏။ ဤတွင် Z မှာ အကြောင်းခြင်းရာ အမှန်ကိုမသိခြင်းကြောင့် A အား အန္တရာယ်ပြုသော်လည်း ပြစ်မှုကျူးလွန်ရာမရောက်။ သို့ရာတွင် Z သည် အကြောင်းခြင်းရာ အမှန်သိလျက်နှင့် အန္တရာယ်ပြုသကဲ့သို့ A မှာ Z ၏ အန္တရာယ်ပြုခြင်းကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။