(၁) အလားတူအမှုမျိုးတွင် တရားခံတစ်ဦးတစ်ယောက်အား စစ်ဆေးစီရင် လျက်ရှိသော စွဲချက်အားလုံးအပေါ်တွင် ဖြစ်စေ၊ စွဲချက်တစ်စုံတစ်ရာအပေါ်တွင်ဖြစ်စေ ဂျူရီ လူကြီးအများ၏ ဆုံးဖြတ်ချက်၊ သို့မဟုတ် ဂျရီလူကြီးများရာ၏ ဆုံးဖြတ်ချက်ကို တရားသူကြီးက သဘောမတူလျှင်၊ ထို့ပြင် ထိုတရားခံနှင့် သက်ဆိုင်သောအမှုကို တရားဖြောင့်မှန်ရေးအတွက် တရားလွှတ်တော်သို့ အမှုတွဲတင်ပို့ရန်လိုအပ်သည်ဟု ထင်မြင်လျှင် ထိုသို့ ထင်မြင်သည့်အကြောင်းကို ရေးမှတ်၍ အမှုတွဲကို တရားလွှတ်တော်သို့တင်ပို့ရမည်။ ထို့ပြင် အကယ်၍ တရားခံအား အမှုမှ အပြီးအပြတ်လွှတ်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်လျှင် တရားခံ မည်သည့်ပြစ်မှုကို ကျုးလွန်ခဲ့သည်ဟု ၎င်းယုံကြည်သည့်အကြောင်းကိုဖော်ပြရမည်။ ထိုကဲ့သို့သောကိစ္စတွင် ပုဒ်မ ၃၁၀ ပါ ပြဋ္ဌာန်းချက် များအရ တရားခံအပေါ် ထပ်မံစွဲချက်တင်ခဲ့လျှင် ထိုတရားခံအား ပြစ်မှုထင်ရှားစီရင်သည့် ဆုံးဖြတ်ချက် ဖြစ်သည်ဟု သဘောထားပြီး အဆိုပါ စွဲချက်နှင့်စပ်လျဉ်း၍ အမှုကိုစစ်ဆေးစီရင်ရန် ဆက်လက်ဆောင်ရွက်ရမည်။
(၂) ဤပုဒ်မအရ တရားသူကြီးက အမှုတွဲကိုတင်ပို့သည့်အခါတိုင်း တရားခံအား စစ်ဆေးစီရင်လျက်ရှိသော မည်သည့်စွဲချက်နှင့် စပ်လျဉ်း၍မဆို တရားခံအား အမှုမှ အပြီးအပြတ် လွှတ်သည်။ သို့မဟုတ် ပြစ်မှုထင်ရှားစီရင်သည်စသည့် စီရင်ချက်များကိုရေးမှတ်ခြင်းမပြုရ။ သို့သော် ထိုတရားခံကို အချုပ်တွင်ထားရန် ရမန်ပေးနိုင်သည်၊ သို့မဟုတ် အာမခံပေးနိုင်သည်။
(၃) ထိုကဲ့သို့ တင်ပို ့သောအမှုနှင့် စပ်လျဉ်း၍ တရားလွှတ်တော်သည် အယူခံတွင် သုံးစွဲသည့် အာဏာများကို သုံးစွဲနိုင်သည့်အပြင် ထိုအချက်ကို အထောက်အထားပြု၍ စက်ရှင်တရားသူကြီးနှင့် ဂျူရီတို့၏သဘောထားကို အလေးထား၍ သက်သေခံချက် အားလုံးကို စဉ်းစားပြီး တရားခံအား အမှုမှ အပြီးအပြတ်လွှတ်ရမည်၊ သို့မဟုတ် တရားခံအပေါ်စွဲချက်တင်ပြီး ဂျူရီရှေ့ သို့တင်ပို့သည့်အမှုတွင် ဂျူရီတို့က တရားခံအား ပြစ်မှုထင်ရှားစီရင်နိုင်သည့်ပြစ်မှုအတွက် တရားလွှတ်တော်က ပြစ်မှုထင်ရှား စီရင်ရမည့် တရားခံအပေါ် ထိုသို့ ပြစ်မှုထင်ရှားစီရင်လျှင် စက်ရှင်တရားရုံးက ချမှတ်မည်ဟု ယူဆရသည့်ပြစ်ဒဏ်ကိုချမှတ်နိုင်သည်။