မည်သူမဆို တရားရုံးကဖြစ်စေ၊ စီရင်ခွင့်အာဏာရှိသော အခြားအရာရှိကဖြစ်စေ စီရင်ချက် ချမှတ်ပြီးသော သို့မဟုတ် ချမှတ်တန်ရာသည်ကို မိမိသိသောစီရင်ချက်အရ အစိုးရဘဏ္ဍာအဖြစ်ဖြစ်စေ၊ ဒဏ်ငွေအတွက်ရရှိရန်ဖြစ်စေ ပစ္စည်းတစ်ခုခုကို သို့မဟုတ် ပစ္စည်းတွင်ရှိသောအကျိုးခံစားခွင့်ကို သိမ်းယူ ခြင်းမပြုနိုင်စေရန် အကြံဖြင့် သို့မဟုတ် တရားမမှုတွင် တရားရုံးက ချမှတ်ပေးပြီးသော သို့မဟုတ် ချမှတ်ပေးတန်ရာသည်ဟု မိမိသိသော ဒီကရီကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ ဇာရီပြုရာတွင် ထိုပစ္စည်းကို သို့မဟုတ် ထိုပစ္စည်းတွင်ရှိသောအကျိုးခံစားခွင့်ကို သိမ်းယူခြင်းမပြုနိုင်စေရန်အကြံဖြင့် ထိုပစ္စည်းကို သော်လည်းကောင်း၊ ထိုပစ္စည်းတွင်ရှိသော အကျိုးခံစားခွင့်ကိုသော်လည်းကောင်း မိမိ၌ပိုင်ဆိုင်ခွင့်ဖြစ်စေ၊ တောင်းဆိုပိုင်ခွင့်ဖြစ်စေ မရှိဟုသိလျက်နှင့် သို့မဟုတ် ထိုပစ္စည်းကိုသော်လည်းကောင်း၊ ထိုပစ္စည်းတွင် ရှိသော အကျိုးခံစားခွင့်ကိုသော်လည်းကောင်း၊ ဆိုင်ပိုင်သော အခွင့်နှင့်စပ်လျဉ်း၍ လှည့်ဖြားခြင်းကို မိမိပြု သည်ဟု သိလျက်နှင့် ထိုပစ္စည်းကို သို့မဟုတ် ထိုပစ္စည်းတွင်ရှိသော အကျိုးခံစားခွင့်ကို လိမ်လည် လှည့်ဖြားလိုသောသဘောဖြင့် လက်ခံခြင်း၊ ရရှိခြင်း သို့မဟုတ် တောင်းဆိုခြင်းပြုလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။