(၁) ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ပထမတန်း အာဏာရ တရားသူကြီး တစ်ဦးဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစီရင်ခံစာအရဖြစ်စေ၊ အခြားသတင်းပေးချက် အရဖြစ်စေ၊ သင့်သည် ထင်မြင်သည့် မိမိရယူထားသော သက်သေခံချက်များအရဖြစ်စေ -
အများပြည်သူတို့၏ တရားဥပဒေနှင့်အညီသုံးစွဲသည့် သို့မဟုတ် သုံးစွဲနိုင်သည့် လမ်း၊ မြစ်၊ ချောင်း၊ မြောင်း၊ တူးမြောင်းမှဖြစ်စေ၊ အများပြည်သူဆိုင်ရာနေရာမှဖြစ်စေ ဥပဒေနှင့် ဆန့်ကျင်သော ပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်မှုကို ဖယ်ရှားသင့်ကြောင်း ထင်မြင် သည့် အခါ သို့မဟုတ် -
ကူးသန်းရောင်းဝယ်မှု တစ်စုံတစ်ရာပြုလုပ်သည့်အရာ၊ အလုပ်အကိုင်တစ်စုံတစ်ရာ လုပ်ကိုင် သည့်အရာ သို့မဟုတ် ကုန်စည်ပစ္စည်းတစ်စုံတစ်ရာ သိုလှောင်သည့် အရာသည် အများပြည်သူ တို့၏ ကျန်းမာရေး သို့မဟုတ် အေးချမ်းသာယာရေးကို ထိခိုက်စေမည့် အကြောင်းရှိခြင်းကြောင့် ဖယ်ရှားတားမြစ် ရပ်စဲစေသင့်ကြောင်း သို့မဟုတ် စည်းကမ်း သတ်မှတ်ထားသည့်အတိုင်း ထားစေသင့်ကြောင်း ထင်မြင်သည့်အခါ သို့မဟုတ်
အဆောက်အအုံ တစ်စုံတစ်ရာဆောက်လုပ်ခြင်း၊ ပေါက်ကွဲလောင်ကျွမ်းမှု ဖြစ်စေ နိုင်သည့် ပစ္စည်းအရာဝတ္ထုများအား တာဝန်မဲ့ စွန့်ပစ်ခြင်းများကို တားမြစ်ပိတ်ပင် သင့်ကြောင်း ထင်မြင်သည့် အခါ သို့မဟုတ်
အဆောက်အအုံ သို့မဟုတ် သစ်ပင်တစ်ခုခုသည် ပြိုလဲမည့်အခြေအနေတွင်ရှိ သဖြင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ အလုပ်လုပ်သူများ၊ ဖြတ်သန်းသွားလာသူများကို အန္တရာယ် ဖြစ်စေနိုင်ရန်အကြောင်းရှိ၍ ၎င်းအဆောက်အအုံ၊ သစ်ပင်တို့ကို ဖယ်ရှား ပြင်ဆင်၊ ထောက်မှ ပေးသင့်ကြောင်း ထင်မြင်သည့်အခါ သို့မဟုတ်
ဆိုခဲ့သည့်လမ်း၊ အများပြည်သူဆိုင်ရာ နေရာနှင့်နီးစပ်သည့် ရေတွင်း၊ ရေကန်၊ ချိုင့်ဝှမ်း။ သို့မဟုတ် တူးဖော်ထားသည့်နေရာများကို အများပြည်သူတို့ ဘေးအန္တရာယ် မရောက်စေရန် နည်းဖြင့် ဝင်းခြံကာရံပြုလုပ်ထားသင့်ကြောင်း ထင်မြင်သည့်အခါ သို့မဟုတ်
ဘေးရန်ပြုတတ်သည့် တိရစ္ဆာန် မွေးမြူထားခြင်းကြောင့် အများပြည်သူတို့ကို ဘေး အန္တရာယ် ဖြစ်စေနိုင်သဖြင့် ထိုတိရစ္ဆာန်ကို ဖျက်ဆီး သို့မဟုတ် လှောင်ထား သို့မဟုတ် အခြားနည်းဖြင့် ပြုလုပ်ထားသင့်သည်ဟု ထင်မြင်သည့်အခါ
ထိုရာဇဝတ်တရားသူကြီးသည် ဆိုခဲ့သည့်အတိုင်း ပိတ်ပင် သို့မဟုတ် နှောင့်ယှက်သူ၊ အလုပ် လုပ်ကိုင်သူ၊ ကူးသန်းရောင်းဝယ်သူ၊ ကုန်စည်သိုလှောင်ထားသူ၊ အဆောက်အအုံ၊ ဝတ္ထုပစ္စည်။ ရေတွင်း၊ ရေကန်၊ ချိုင့်ဝှမ်းကို ပိုင်ဆိုင် လက်ရှိထိန်းသိမ်းအုပ်ချုပ်သူကို စည်းကမ်းချက်ထားမှ အမိန့်တွင် ပိုင်းခြား သတ်မှတ်ထားသည့် နေ့ရက်ကာလအတွင်း -
ဆိုခဲ့သည့် ပိတ်ပင် သို့မဟုတ် နှောင့်ယှက်မှုကို ဖယ်ရှားရန် သို့မဟုတ် ဆိုခဲ့သည့် အလုပ် အကိုင်၊ ကူးသန်းရောင်းဝယ်သည့်အရာကို ဖယ်ရှားရပ်စဲရန် သို့မဟုတ် ညွှန်ကြားထားသည့် စည်းကမ်းအတိုင်း လိုက်နာရန် သို့မဟုတ် ဆိုခဲ့သည့် ပစ္စည်းများကို ဖယ်ရှားရန် သို့မဟုတ် စည်းကမ်း သတ်မှတ်ထားသည့်အတိုင်း သိုလှောင် ထားစေရန် သို့မဟုတ်
ဆိုခဲ့သည့် အိမ်ယာအဆောက်အအုံ လုပ်ခြင်းကို တားမြစ်ရန် သို့မဟုတ် ရပ်ဆိုင်းရန် သို့မဟုတ် ယင်းအိမ်ယာ အဆောက်အအုံကို ဖယ်ရှားပြင်ဆင် ထောက်ကူထားရန် သို့မဟုတ်
ဆိုခဲ့သည့် သစ်ပင်ကို ဖယ်ရှားရန် သို့မဟုတ် ထောက်ကူရန် သို့မဟုတ်
ဆိုခဲ့သည့် ပစ္စည်း စီမံခန့်ခွဲခြင်းကို ပြောင်းလဲရန် သို့မဟုတ်
ဆိုခဲ့သည့် ရေတွင်း၊ ရေကန်၊ ချိုင့်ဝှမ်းများကို ဝင်းခြံကာရံထားရန် သို့မဟုတ်
ဆိုခဲ့သည့် တိရစ္ဆာန်ကို ဖျက်ဆီး လှောင်ထား သို့မဟုတ် အမိန့်တွင် ပါရှိသည့်အတိုင်း ဆောင်ရွက်ရန် သို့မဟုတ် ထိုကဲ့သို့ မဆောင်ရွက်လျှင်
၎င်းရာဇဝတ်တရားသူကြီးရှေ့သို့သော်လည်းကောင်း၊ ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရတရားသူကြီး ရှေ့သို့သော်လည်းကောင်း၊ ထိုသူအားအမိန့်တွင် သတ်မှတ် ထားသည့်နေ့ရက်နှင့် နေရာသို့ ရောက်ရှိ၍ အမိန့်ကို နှုတ်သိမ်းရန် သို့မဟုတ် အောက်တွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ၎င်းအမိန့်ကို ပြင်ရန် လျှောက်ထားရမည့်အကြောင်း အမိန့်ချမှတ်နိုင်သည်။
(၂) ရာဇဝတ်တရားသူကြီးတစ်ဦးက ဤပုဒ်မအရ နည်းလမ်းတကျ ချမှတ်သော မည်သည့် အမိန့်ကို မဆို မခိုင်လုံဟု တရားမ တရားရုံးတွင် ငြင်းဆိုခြင်းမပြုရ။
ရှင်းလင်းချက်။ “အများပြည်သူ ဆိုင်ရာနေရာ” ဆိုရာတွင် အစိုးရပိုင်မြေ၊ စခန်းချသည့် မြေယာ၊ မြေကွက်မှစ၍ ကျန်းမာမှု သို့မဟုတ် အပန်းဖြေမှုများအတွက် ချန်လှပ်ထားသည့် မြေယာ၊ မြေကွက် များလည်း ပါဝင်သည်။