ဤအခန်းပါ ကိစ္စရပ်များအလို့ငှာ −
(က) “ရွေးကောက်ခံမည့်သူ” ဆိုသည်မှာ ရွေးကောက်ပွဲအတွက် ရွေးကောက်ခံမည့်သူအဖြစ်ဖြင့် အမည် တင်သွင်းခြင်းခံရသူကို ဆိုသည်။ ယင်းစကားရပ်၌ ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေခိုက် ရွေးကောက် ခံမည့်သူအဖြစ်ဖြင့် ပါဝင်မည်ဟု ထုတ်ဖော်ပြောဆိုသူလည်း ပါဝင်သည်။ သို့ရာတွင် ထိုသူသည် ထိုသို့ ထုတ်ဖော်ပြောဆိုပြီးနောက် ထိုရွေးကောက်ပွဲအတွက် ရွေးကောက်ခံမည့်သူအဖြစ် အမည်တင်သွင်းခြင်း ခံရသူဖြစ်ရမည်။
(ခ) “ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာအခွင့်အရေး” ဆိုသည်မှာ ရွေးကောက်ပွဲတွင် အရွေးခံသူ အဖြစ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး သို့မဟုတ် မပါဝင်မယှဉ်ပြိုင်ဘဲနေနိုင်သော အခွင့်အရေး သို့မဟုတ် ရွေးကောက်ခံမည့်သူအဖြစ်မှ ရုပ်သိမ်းနိုင်သောအခွင့်အရေး သို့မဟုတ် ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲမပေးဘဲနေနိုင်သော အခွင့်အရေးကို ဆိုသည်။