(၁) မည်သူမဆို −
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခွင့်အရေးကို သုံးစွဲစေရန် သူတစ်ဦးကိုသော်လည်းကောင်း၊ အခြားသူတစ်ဦးကိုသော်လည်းကောင်း သွေးဆောင်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ထိုအခွင့်အရေးကို သုံးစွဲခဲ့သည့်အတွက် ဆုလာဘ်ပေးလိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ထိုသူအား တံစိုးလက်ဆောင် ပေးလျှင်၊ သို့မဟုတ်
(ခ) ထိုအခွင့်အရေးကို သုံးစွဲသည့်အတွက် သို့မဟုတ် ထိုအခွင့်အရေးကို သုံးစွဲစေရန် အခြားသူတစ်ဦးကို သွေးဆောင်ခြင်း သို့မဟုတ် သွေးဆောင်ရန် အားထုတ်ခြင်းအတွက် ဆုလာဘ်အဖြစ်ဖြင့် မိမိအတွက် ဖြစ်စေ၊ အခြားသူတစ်ဦးဦးအတွက်ဖြစ်စေ တံစိုးလက်ဆောင်လက်ခံလျှင် ထိုသူသည် လာဘ်ပေး လာဘ်ယူမှုကို ကျူးလွန်သည်။
သို့ရာတွင် အများပြည်သူဆိုင်ရာ မူဝါဒကို ကြေညာခြင်းသည် သို့မဟုတ် အများပြည်သူဆိုင်ရာ လမ်းစဉ်ကို ကတိပြုခြင်းသည် ဤပုဒ်မအရ ပြစ်မှုကျူးလွန်ရာမရောက်။
(၂) တံစိုးလက်ဆောင်ပေးရန် ကမ်းလှမ်းလျှင် သို့မဟုတ် သဘောတူလျှင် သို့မဟုတ် တံစိုးလက်ဆောင်ကို သူတစ်ပါးရယူရန် ကမ်းလှမ်းလျှင် သို့မဟုတ် အားထုတ်လျှင် ထိုသူသည် တံစိုးလက်ဆောင်ပေးသည်ဟု မှတ်ယူရမည်။
(၃) တံစိုးလက်ဆောင်ကို ရယူလျှင် သို့မဟုတ် လက်ခံရန်သဘောတူလျှင် သို့မဟုတ် ရယူရန် အားထုတ်လျှင် ထိုသူသည် တံစိုးလက်ဆောင်ကို လက်ခံသည်ဟု မှတ်ယူရမည်။ ပြုရန်မိမိ မကြံရွယ်သောကိစ္စအတွက် ပြုစေရန် ရည်ရွယ်ချက်အဖြစ်ဖြင့်ပေးသော တံစိုးလက်ဆောင်ကို လက်ခံလျှင် သို့မဟုတ် ကိစ္စတစ်ခုကို မိမိမပြုခဲ့သော်လည်း ထိုကိစ္စအတွက် ဆုလာဘ်အဖြစ်ဖြင့် တံစိုးလက်ဆောင်ကိုလက်ခံလျှင် ထိုသူသည် တံစိုးလက်ဆောင်ကို ဆုလာဘ်အဖြစ်ဖြင့် လက်ခံသည်ဟု မှတ်ယူရမည်။