ပုဒ်မ ၃၆၆
ပုဒ်မ ၃၆၆
စီရင်ချက်ချမှတ်ရန် နည်းလမ်း

(၁) မူလစီရင်ပိုင်ခွင့် အာဏာရှိသည့် မည်သည့် ရာဇဝတ်တရားရုံးတွင်မဆို စစ်ဆေးစီရင်သော အမှုတိုင်း၌ `စီရင်ချက်ကို ချမှတ်ရမည်၊ သို့မဟုတ် အဆိုပါ စီရင်ချက်၏ အကျဉ်းချုပ်ကို ရှင်းပြရမည် -

(က) စစ်ဆေးစီရင်မှုပြီးဆုံးပြီးနောက် ချက်ချင်းဖြစ်စေ၊ အမှုသည်များ၊ သို့မဟုတ် ၎င်းတို့၏ရှေ့နေများအား ကြိုတင်အသိပေးထားသော နောက်ပိုင်းရက်တွင်ဖြစ်စေ လူသိရှင်ကြား တရားခွင်၌ချမှတ်ရမည်။ ၎င်းအပြင်

(ခ) တရားရုံး၏ ဘာသာစကားဖြင့်၊ သို့မဟုတ် တရားခံဖြစ်စေ၊ ၎င်း၏ ရှေ့နေဖြစ်စေ နားလည်သော အခြားဘာသာစကားဖြင့် ရှင်းပြရမည်။

သို့ရာတွင် တရားလိုဘက်မှဖြစ်စေ၊ တရားခံဘက်မှဖြစ်စေ တောင်းဆိုလာလျှင် ရုံးထိုင်တရားသူကြီးက စီရင်ချက်တစ်ခုလုံးကို ဖတ်ပြရမည်။

(၂) တရားခံသည် အချုပ်နှင့်ရှိနေလျှင် ၎င်းအား ချမှတ်သည့် စီရင်ချက်ကို ကြားနာရန်အတွက် တင်ပို့ ပေးစေရမည်။ တရားခံသည် အချုပ်နှင့် မရှိလျှင် တရားခံ လာရောက်၍ စီရင်ချက်ကို ကြားနာရန် တရားရုံးက ဆင့်ဆိုရမည်။ သို့သော် အမျှကြားနာ စစ်ဆေးစဉ်အတွင်း တရားခံကိုယ်တိုင်လာရောက်ခြင်းကို ကင်းလွတ်ခွင့်ပြုထားခဲ့ပြီး ပြစ်ဒဏ်စီရင် ချက်မှာ ငွေဒဏ်မျှသာဖြစ်လျှင်၊ သို့မဟုတ် တရားခံအား အမှုမှ အပြီးအပြတ်လွှတ်လျှင် စီရင်ချက်ကို တရားခံ၏ ရှေ့နေရှေ့တွင် ချမှတ်နိုင်သည်။

(၃) စီရင်ချက်ချမှတ်ရန် ချိန်းဆိုထားသည့် နေ့ရက်နှင့် နေရာတွင် အမှုသည် တစ်ဦးဦးဖြစ်စေ၊ ၎င်း၏ ရှေ့နေဖြစ်စေ ပျက်ကွက်ခြင်း အကြောင်းသက်သက်ကြောင့်သော် လည်းကောင်း၊ အဆိုပါ နေ့ရက်နှင့် နေရာ ထုတ်ပြန်ကြေညာသည့် အကြောင်းကြားစာကို အမှုသည်များ၊ သို့မဟုတ် ၎င်းတို့၏ရှေ့နေများ၊ သို့မဟုတ် ၎င်းတို့အနက် တစ်ဦးဦးအပေါ် ချအပ်ရန် ပျက်ကွက်ခြင်းအကြောင်း သက်သက်ကြောင့်သော်လည်းကောင်း မည်သည့်ပြစ်မှုဆိုင်ရာ တရားရုံးကမဆို ချမှတ်သော စီရင်ချက်သည် ပျက်ပြယ်သည်ဟု မမှတ်ယူရ။

(၄) ပုဒ်မ ၅၃၇ ပါ ပြဋ္ဌာန်းချက်များ၏ သက်ဆိုင်မှုကို မည်သည့်နည်းနှင့်မဆို ဤပုဒ်မပါ မည်သည့်အချက်ကမျှ ကန့်သတ်သည်ဟု အဓိပ္ပာယ်မကောက်ယူရ။