အပြုခံရသူထံမှဖြစ်စေ၊ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူထံမှဖြစ်စေ ပြစ်မှု သို့မဟုတ် ကိုယ်ကျင့် ပျက်ပြားမှုပေါ်စေနိုင်သော ဖြောင့်ချက်ကို သို့မဟုတ် ထိုသို့သော သတင်းပေးချက်ကို ခြောက်လှန့်၍ တောင်းရန်သော်လည်းကောင်း၊ အပြုခံရသူအား သို့မဟုတ် အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူအား ပစ္စည်းကိုဖြစ်စေ၊ အဖိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ပေးရန် သို့မဟုတ် ပြန်ပေးစေရန် သို့မဟုတ် တောင်းဆိုချက်ကိုဖြစ်စေ၊ လိုလားချက်ကိုဖြစ်စေ ပေးရန် သို့မဟုတ် ပစ္စည်းကိုဖြစ်စေ၊ အဖိုးတန်စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ရစေနိုင်သော သတင်းအချက်အလက်ကို ပေးစေရန် အတင်းအကျပ်ပြုစေလျှင်သော်လည်းကောင်း မည်သူမဆို မိမိအလိုအလျောက် နာကျင်စေမှုကိုပြုလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ဥပမာများ
(က) ရဲအရာရှိ A သည် ရာဇဝတ်ပြစ်မှုကို ကျူးလွန်ကြောင်း Z ထံမှ ဖြောင့်ချက်ရစေရန် Z ကို ညှဉ်းပန်းနှိပ်စက်၏။ A သည် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်သည်မည်၏။
(ခ) ရဲအရာရှိ A သည် ခိုးရာပါပစ္စည်းထားသော နေရာကိုပြစေရန် B ကို ညှဉ်းပန်းနှိပ်စက်၏။ A သည် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်သည်မည်၏။
(ဂ) ပေးဆောင်ရမည်ဖြစ်သော အခွန်မပြေကျန်ငွေကို အတင်းအကျပ်ပေးစေရန် အခွန်တော်အရာရှိ A သည် Z ကို ညှဉ်းပန်းနှိပ်စက်၏။ A သည် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သည် မည်၏။
(ဃ) မြေရှင် A သည် ငှားရမ်းခအတင်းအကျပ်ပေးစေရန် မြေငှားကို ညှဉ်းပန်းနှိပ်စက်၏။ A သည် ဤပုဒ်မ အရ ပြစ်မှုကျူးလွန်သည်မည်၏။